Thursday, September 18, 2008

Bogalay Trip 04





05-08-2008(Mawlamyinegyun Trip)

၀၅-၀၈-၂၀၀၈ (မော်လမြိုင်ကျွန်းမြို့နယ်၊ မိတ်သလင်ကုန်းကျေးရွာ) သို့ သွားရောက်လှူဒါန်းခဲ့သော မှတ်တမ်း

ငါတို့ အရင်တစ်ခေါက် မေလတုံးက ဖျာပုံကို သွားလှူဘို့လို့ ငါးခြောက်တွေကြော်တော့ ထန်းတစ်ပင်ကျောင်း ဆရာတော် ဦးသုဇာတက သူ့ကျောင်းမှာ လာကြော်ဘို့ ဒေါ်ခင်အေးမူကတဆင့် ပြောခိုင်းတာ မှတ်မိတယ် မဟုတ်လား။ သူ့ကျောင်းမှာက ရေမီးအားလုံးပြည့်စုံတယ်၊ လူအင်အားလည်း သူစုပေးမယ် ဆိုတာ။ အဲဒီတုံးက စကားစပ်ရင်းနဲ့ ဘုန်းကြီးကပြောတယ်။ သူတို့ရွာက လူတော့မသေဘူး။ ဒါပေမဲ့ ရွာလုံးကျွတ် ပျက်စီးသွားတယ်။ ဘာမှမကျန်ခဲ့ဘူး။ ဒီတော့ ရွာမှာ အရေးတကြီး ရေသောက်စရာလိုနေတာနဲ့ သူက သူ့မှာရှိတဲ့ပိုက်ဆံနဲ့ပဲ အ၀ီစိတွင်း (လက်နှိပ်တွင်း) သွားတူးပေးလိုက်တယ် လို့ပြောတယ်။
သူက သူတို့ရွာက တွဲဘက်အထက်တန်းကျောင်းမှာ ဘေးပတ်ဝန်းကျင်ကရွာ ၁၅ ရွာလောက်က ကလေးတွေ ကျောင်းလာတက်ကြတယ်။ ကျောင်းမှာ မုန်တိုင်းတိုက်လို့ ပျက်စီးသွားတယ်။ ခုတော့ ဖြစ်သလို စာသင်နေကြရတယ်။ ကျောင်းအနေနဲ့တော့ အကုန်လိုတာပဲ။ ကလေးတွေအတွက် စာအုပ်တို့၊ ခဲတံတို့ကစ မရှိဘူး ဖြစ်နေတယ်။ အဲဒါ ဖြစ်နိုင် ရင် ကူညီပါအုံး လို့ ပြောလာတော့ ငါလည်း နင့်ကိုလှမ်းအကြောင်းကြားရတာပဲ။ နင်က စားဘို့သောက်ဖို့ ဆန်လည်း လှူချင်တယ်၊ ရေတွင်းလည်း လှူချင်တယ်။ ကလေးတွေအတွက် စာအုပ်စာတမ်းတွေလည်း ၀ယ်ချင်တယ် ဆိုတော့ ငါ ဘုန်းကြီးကို ပြန်လျှောက်တယ်။
ဘုန်းကြီးက ဆန်အတွက် သူမော်ကျွန်းက သူ့ဒါယိကာ ဆန်ဆိုင်ကိုလှမ်းမှာပေးမယ်။ ပိုက်ဆံကိုတော့ သူ့ကျောင်းကဦးဇင်းက တာဝန်ယူပြီးလွှဲပေးမယ်။ အလှူအတွက် ရွာကိုသွားဘို့ သူ့ဒါယိကာတွေကားကို စီစဉ်ပေးမယ် တဲ့။ ဒီတော့ ငါတို့တိုင်ပင်တယ်။ အလှူငွေက ၁၂ သိန်းပဲ ရတာဆိုတော့ ဘယ်လိုခွဲကြမလဲပေါ့။ ရေတွင်းတူးဘို့ တစ်သိန်း သုံးမယ်။ ဒေါ်ခင်အေးမူနဲ့ ငါနဲ့ပေါင်းပြီး တစ်တွင်းတူးပေးမယ်။ နောက်ပြီး ဆန်အိတ် ၂၀ ၀ယ်မယ်။ တစ်အိတ်ကို ၁၆၀၀၀ ဈေးတဲ့။ မော်ကျွန်းကနေ အဲဒီရွာကို ဆန်အိတ်ဘိုးရော၊ လုပ်အားခရော၊ မော်တော်ဘိုးရော အားလုံးပေါင်း ၃သိန်း၊ ၃ သောင်း၊ ၅ထောင် ကျတယ်။ ကျန်တာကို ကလေးတွေအတွက် စာအုပ်၊ ပုံနှိပ်စာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ကွန်ပါဗူး၊
ပေတံ စတာတွေဝယ်တယ်။
ကျောင်းအတွက် စာအုပ်နဲ့ စာရေးကိရိယာတွေတော့ ငါနဲ့ မူမူနဲ့ သိမ်ကြီးဈေးမှာ ၀၄-၀၈-၂၀၀၈ နေ့က သွားဝယ် တယ်။ ၅ ရက်နေ့မှာသွားဘို့ပဲ။ ငါဝယ်ထားတာ ဗလာစာအုပ်ကတင် ဒါဇင် ၄၀၀၊ နောက်ပြီး မုံ့တွေ ချိုချဉ်တွေလည်း တော်တော်များတယ် ဆိုတော့ ည ၁၀ နာရီလောက်ကျတော့ ဘုန်းကြီးက သူ့ဒါယိကာကားကတော့ မဆန့်တော့ဘူး။ ကားတစ်စီး သပ်သပ်ငှားပါ လို့ ဖုံးဆက်လာတယ်။ ဒါနဲ့ ငါလည်း ငါတို့နဲ့အတူတူလိုက်မဲ့ ဒို့ရပ်ကွက်ထဲက ပေါင်ချိန် (သူက အရင်လှူတာတွေမှာကတည်းက ငါတို့ကို အမြဲလာကူနေကျ) ကို ကားသွားငှားခိုင်းရတယ်။ ငှားတော့ ကားခ နှစ်သိန်းခွဲ နဲ့ တည့်တယ်။
၀၅-၀၈-၂၀၀၈ နေ့ကျတော့ မနက် ၂ နာရီ အိပ်ယာထ၊ ပြင်ဆင်ပြီး ၃ နာရီခွဲမှာ ခရီးစထွက်ဖြစ်ကြတယ်။ ခုတစ်ခေါက်တော့ တခြားလူတွေ မပါဘူး။ ငါရယ်၊ ဂွမ်း(ကျွန်တော့်ညီမ အငယ်ဆုံး) ရယ်၊ မြတ်ထားရယ်၊ ပေါင်ချိန်ရယ်၊ စုစုပေါင်း လေးယောက်။ အောင်မယ်လေး၊ လှိုင်သာယာက စထွက်ပြီဆိုကတည်းက ဆိုးလိုက်တဲ့ လမ်းဟာ၊ မပြောပါနဲ့ တော့။ မိုးရေစားသွားလို့ ဖြစ်နေတဲ့ချိုင့်ကြီးတွေဆိုတာ ဒူးလောက်နက်တယ်။ မနည်းဆိုမှ မနည်းရှောင်မောင်းရတယ်။ တချို့နေရာတွေဆို ရှောင်စရာကိုနေရာမရှိဘူး။ ချိုင့်ထဲပဲ ဖြတ်မောင်းရတာပဲ။ မအူပင်ရောက်တော့လည်း ဆိုးတာပဲ။ ဖျာပုံ နဲ့ ဘိုကလေး ကတော့ ပြောစရာ့ကို မရှိတော့ဘူး။ အဆိုးတကာ့ထိပ်ခေါင်။
လူတွေဆိုတာ ဟိုစကားပုံကြားဖူးတယ်မဟုတ်လား။ စကောထဲ ဇီးဖြူသီးထည့် လှိမ့်ထားသလို ဆိုတာ။ အဲဒီ ဇီးဖြူသီးကမှ နည်းနည်းတော်အုံးမယ်။ ငါတို့မှာ အထက်အောက်ဆောင့်လိုက်၊ ဘေးဘယ်ညာ ယိမ်းလိုက်။ ရှေ့ဘက် ၀င်တိုးလိုက်၊ နောက်ဘက်ရောက်သွားလိုက်။ ရင်ခေါင်းတွေလဲအောင့်။ ခေါင်းတွေလည်းမူး။ တင်ပါးတွေဆိုတာ ကြိမ်းလိုက်တာ မပြောပါနဲ့တော့။ ကားသမားလေးက ခပ်ငယ်ငယ်။ သူ့ခမျာလည်း ထိန်းတော့မောင်းတာပဲ။ ဒါပေမဲ့ ဒီလောက်ကြမ်းနေတဲ့ လမ်းကို ဘယ်လိုလုပ် ထိန်းမောင်းလို့ရမလဲ။ ဖြေးဖြေး ဖြေးဖြေးပဲ မောင်းရတာပေါ့။ ဒါနဲ့ပဲ ဘိုကလေးကို ညနေ ၅ နာရီလောက် ရောက်သွားတယ်။ လူတွေဆိုတာလည်း ငြုပ်ဆုံထဲ ထည့်ထောင်းထားသလို ဖွတ်ဖွတ်ညက်ညက်ကို ကျေနေပြီ။ ပင်ပန်းလိုက်တာလည်း မပြောပါနဲ့တော့။ ဂွမ်းက အရမ်းနေကောင်းလှတာ မဟုတ်ဘူး။ သြော်-သူလည်း လိုက်ပြီးတို့လှူတာ ကြည့်ရအောင်လို့ တစ်ခေါက်တလေ ခေါ်မိပါတယ်။ ငါ့ဟယ်၊ သူ့ကို အားနာလိုက်တာ မပြောပါနဲ့တော့။ ဒို့ကတော့ အရင်အတွေ့အကြုံတွေနဲ့ ထုသားပေသား ကျနေပြီကိုး။
တို့နဲ့အတူတူသွားတဲ့ ဘုန်းကြီးဒါယိကာကားက ကောင်းလို့ နည်းနည်းမြန်မြန် မောင်းလို့ရတော့ သူတို့က ဘိုကလေးကို အရင်ရောက်နှင့်နေတာပေါ့။ တို့ ဘိုကလေးကိုရောက်သွားတော့ သူတို့ ရွာမှာ ပစ္စည်းတွေဝေပြီး ပြန်တောင် လာပြီ။ တို့ကားက လမ်းမှာ ဘီးပေါက်လို့ လဲနေရသေးတာကိုး။ ဒါနဲ့ ငါတို့လည်း လာကြိုတဲ့မော်တော်နဲ့လိုက်သွားတာ ဘိုကလေးကနေ ညနေ ၆ နာရီလောက် ဆက်ထွက်ကြတယ်။ ရွာရောက်တော့ ည ၈ နာရီနဲ့ ၁၅ မိနစ်။ တို့လည်း ရောက်တော့ ရေမိုးချိုး၊ အ၀တ်အစားတွေဘာတွေလဲ၊ ထမင်းစားပြီး စကားစနေ နည်းနည်းပါးပါးပြော။ နောက်တော့ ပင်ပန်းတာနဲ့ ည ၁၀ နာရီလောက်မှာ အိပ်ယာဝင်ကြတယ်။
အဲဒီအိမ်က ကျောင်းဆရာ့အိမ်လို့ ပြောတယ်။ အိမ်က ကွမ်းသီးတိုင်တွေ၊ ကွမ်းသီးသားတွေနဲ့ ဆောက်ထား တယ်။ အလှူရှင်တွေလာလှူထားတဲ့ မိုးကာစတွေနဲ့ မိုး၊ကာ ထားတယ်။ ဒို့လည်း အလှူရှင်တွေ လာဝေထားတဲ့ စောင်တို့၊ ခြင်ထောင်တို့၊ ခေါင်အုံးတို့နဲ့ အိပ်ခဲ့ရတယ်။ အတွေ့အကြုံသစ်ပေါ့ဟယ်။
မနက် ၆ နာရီ အိပ်ယာကထ။ သူတို့ကြော်ထားတဲ့ ခေါက်ဆွဲကြော် မနက်စာစား။ စားသောက်ပြီးတော့ ဆန်ကို အရင်ဝေတယ်။ ဆန်ဝေပြီးတော့ ကျောင်းကိုသွားကြတယ်။ ကျောင်းမှာ ကလေးတွေကို ဗလာစာအုပ် အရင်ဝေတယ်။ အထက်တန်း ကျောင်းသားကျောင်းသူတွေကို တစ်ယောက် တစ်ဒါဇင်စီ။ အလယ်တန်းတွေကို တစ်ယောက် ၆ အုပ်စီ။ မူလတန်းကလေးတွေကိုတော့ တစ်ယောက်ကို ၃ အုပ်ကျစီ ဝေပေးတယ်။ ၅တန်း ကလေးတွေကိုတော့ တစ်ယောက် ကွန်ပါဗူးတစ်ဗူးစီ ထည့်ဝေတယ်။ ကျောင်းသားကျောင်းသူအားလုံးကို တစ်ယောက် ဘောပင် ၃ ချောင်း၊ ခဲတံ ၃ ချောင်းကျစီ ဝေပေးလိုက်တယ်။ ပုံနှိပ်စာအုပ်ကတော့ အားလုံးအတွက် လောက်မှာ မဟုတ်ဘူး။ ဒီတော့ မရှိတဲ့ကလေး တွေကို ကြည့်ရှု ဝေပေးလို့ရအောင် ဆရာတွေ၊ ဆရာမတွေပဲ အပ်ထားခဲ့လိုက်တယ်။
သူတို့ကပြောတယ်။ ခုလို ကလေးတွေအတွက်ဆိုပြီး တစ်ခါမှ လာမလှူဖူးဘူးတဲ့။ ခုလိုလာလှူလိုက်တော့ ဗလာ စာအုပ်အတွက် အတော်လေး ဖူလုံသွားတာပေါ့။ နောက်ပြီး တို့က ကလေးတွေအတွက် မုံ့တွေ ချိုချဉ်တွေလဲ ဝေသေး တာကိုး။ ဆရာဆရာမတွေရော၊ ကလေးတွေရော အားလုံး ၀မ်းတွေသာကြလို့ဟေ့။ တကယ့်ကို ပျော်စရာကြီးပဲ။ ကျောင်းမှာက ကျောင်းသားဦးရေ စုစုပေါင်း ၆၀၀ လောက် (၅၉၃ယောက်) ရှိတယ်။ ကျောင်းမှာက လပတ်စာမေးပွဲ အမြဲတမ်း စစ်နေရတယ် ဆိုတော့ မေးခွန်းထုတ်ဖို့ အခက်အခဲ ရှိတယ်။ သူတို့ဆီမှာ လက်နှိပ်စက်မရှိတော့ ဖယောင်း စက္ကူကို လက်နဲ့ ဖောက်ပြီး မီးချောင်းနဲ့ လှိမ့် သုံးနေရတာ လိုက်ပြတယ်။ ကျောင်းအုပ်ဆရာမကြီးက ဖြစ်နိုင်ရင် လက်နှိပ်စက် ကလေးပါ လှူဘို့ မေတ္တာရပ်ခံတယ်။ (မမထံမှ ဤကဲ့သို့ကြားလိုက်ရသည်နှင့် တပြိုင်နက် ချက်ခြင်းပင် ကျွန်တော်က မမကို အင်္ဂလိပ် လက်နှိပ်စက်၊ ဗမာလက်နှိပ်စက်နှင့် စာကူးစက် (Gestener) များဈေးကို စုံစမ်းခိုင်း လိုက်ပါသည်။ မမက ကျွန်တော်တို့ အလှူလုပ်သည့် အခါတိုင်း ၀ယ်နေကျ ဂန္ဓမာဆိုင်တွင် သွားရောက်စုံစမ်းပါ၏။ လက်နှိပ်စက်က နှစ်သိန်းခွဲ၊ စာကူးစက်က ငါးသိန်းခွဲ ဟု ပြောပါသည်။ ဆိုင်ကလည်း ကျွန်တော်တို့ လှူဘို့ဝယ်မှန်း သိသည်နှင့် အိုလံပီယာ ကောင်းသောစက်များကို ပေးလိုက်မည်။ သို့သော် ဆေးပြန်မှုတ်ချင်သေး၍ ဗုဒ္ဓဟူးနေ့မှ လာရန် ပြောလိုက်သည် ဆို၏။ ထို့ပြင် စနေဓမ္မမိတ်ဆွေများအဖွဲ့မှ လှူဒါန်းသည် ဆိုသော စာတမ်းပါ ထိုးပေးမည် ဟုလည်း သိရပါသည်။ စက်များပို့ရန် ကိုမူ ဘုန်းကြီးက တာဝန်ယူမည် ဖြစ်ပါ၏။ ဆရာမကြီးတော့ အတော့်ကို ၀မ်းသာရှာလိမ့်မယ် ဟေ့ ဟု မမက ပြောပါ သည်။ ဆရာမကြီး ၀မ်းသာတာကနောက်၊ သူတို့လိုအပ်နေတာကို လှူလိုက်ရခြင်းအတွက် ကျွန်တော် ၀မ်းသာတာက အရင် ဖြစ်ပါသည်။)
ဝေပြီးပြီးချင်း ဘုန်းကြီးကို သင်္ကန်းတွေကပ်ကြတယ်။ အားလုံးပြီးလို့ ပြန်လာတော့ ၉ နာရီကျော်။ လမ်းမှာ ကန့်ကော်တစ်ထောင် ကျောင်းကိုဝင်ကြတယ်။ သူတို့ဓါတ်လုံးလိုချင်လို့တဲ့။ ဘာမှမဆန်းပါဘူးဟယ်။ သူတို့ပေးလို့သာ ငါ ယူထားလိုက်တာပါ။ သူတို့ဓါတ်လုံးက ကိုယ့် ကံဉာဏ် ၀ီရိယလောက် စွမ်းပါ့မလား။ ပန်းထိမ်ဆိုင်မှာ အပ်လိုက်ရင် ရပါ့။ အဲဒီမှာတင် တော်တော်ကြာသွားတယ်။ အဲဒီကနေ ဆက်ပြန်လာတော့ ဘိုကလေးကို နေ့လည် ၁၂ နာရီလောက်ရောက်။ ဘိုကလေးမှာပဲ နေ့လည်စာ ထမင်းစားကြတယ်ပေါ့။ စားသောက်ပြီး နာရီပြန် ၁ ချက်တီးလောက်မှာ ဆက်ထွက်လာခဲ့ကြ တယ်။
လပွတ္တာမှာတုံးက စခန်းတွေမှာ သောက်ရေသန့်စံနစ်တွေ တွေ့ခဲ့ရတယ်။ UNDP လိုအဖွဲ့တွေနဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့တွေကလည်း ဆေးတွေဝေ၊ ဆေးကုပေး စသဖြင့် လုပ်ကြတယ်။ လပွတ္တာမှာ အိမ်ငှားထားပြီး အလှည့်နဲ့ ရွာတွေကို ဆေးထွက်ပြီး ကုပေးကြတယ်။ အခု ဘိုကလေးမှာလည်း အဲဒါမျိုးတွေ တွေ့ရတယ်။
ဖျာပုံရောက်တော့ ည ၈ နာရီကျော်နေပြီ။ အဲဒီမှာပဲ ညစာစားလိုက်ကြတယ်။ အပြန်ကျတော့ မအူပင်လမ်းက ကြမ်းလွန်းလို့ အဲဒီလမ်းအစား ဒေးဒရဲ၊ ကွမ်းခြံကုန်းဘက်က လှည့်ပြန်တယ်။ အဲဒီဘက်က လမ်းနည်းနည်းကောင်းတာ တွေ့ရတယ်။ ကားသမားလေးက သူတစ်ယောက်ထဲ အလှည့်မရှိပဲ တောက်လျှောက် မောင်းလာရတော့ ပင်ကလည်း ပင်ပန်းပြန်၊ ညဥ့်ကလည်း နက်လာပြန်၊ နားကလည်း မနားရဆိုတော့။ သူလည်း သူကိုယ်သူ ပါးတွေလိမ်ဆွဲလိုက်၊ ခေါင်းကို ရေတွေနဲ့လောင်းလိုက်၊ လုပ်လာတာပဲ။ နောက်ပြီး အနားမှာက ဘုန်းကြီး။ စကားပြောဖော်ကလည်း မရှိ။ အားလုံးကလည်း အိပ်ငိုက်လာတာ ဆိုတော့ သူ့ကိုယ်သူ ဘယ်လိုမှ မဟန်နိုင်တော့ဘူး။ ည ၁ နာရီလောက်လဲကျရော၊ လှိုင်သာယာတံတား မရောက်ခင်လေးမှာ လမ်းဘေးရပ်ထားတဲ့ လမ်းကြိတ်စက်ကြီးကို တည့်တည့်ကို ၀င်တိုက်တော့တာ ပဲဟေ့။ ကံကြီးပေလို့ အကုန်သေမကုန်တယ်။ ကားကလည်း ဖြေးဖြေးလေးမောင်းလာလို့ တော်တော့တယ်။ မသေလို့ တွေ့ရ မေ့နိုင်ပါရိုးလား ဖြစ်ကရော။
တို့လည်း ကားသမားလေးရော၊ ဘုန်းကြီးရော၊ ကားရောထားခဲ့ပြီးပြန်ခဲ့ကြတာ အိမ်ကို နာရီပြန် နှစ်ချက်တီး ကျော်မှ ပြန်ရောက်တော့တယ်။ သွားခဲ့သမျှ ဒီခရီးကတော့ တကယ့်ကို အမှတ်တရပဲဟေ့။ နောက်နေ့ကျတော့ သူတို့ပြန် ပြောပြတာ၊ ကားသမားလေးက မိုးလင်းရင် ရဲတွေနဲ့ ဇယားရှုပ်တော့မှာမို့ ညတွင်းချင်းပဲ ကားကို ရန်ကုန်ပြန်ဆွဲလာရ တယ် တဲ့။ သူလည်း ကားငှားလို့ရတဲ့ ပိုက်ဆံနဲ့ ပြင်ရတဲ့စရိတ်နဲ့ ကိုက်မှ ကိုက်ပါ့မလားမသိဘူး ဆိုပြီး ဘုန်းကြီးပြောတာ နဲ့ ငါလည်း သူ့ကို သုံးသောင်း ထပ်ပေးလိုက်သေးတယ်။ တို့က ပထမဘုန်းကြီးက သူ့ဒါယိကာ ကားနဲ့သွားမယ် ဆိုတော့ အလှူငွေအားလုံးကို ပစ္စည်းတွေ ၀ယ်ပစ်လိုက် တာပေါ့။ သွားခါနီး ည ကျမှ ဘုန်းကြီးက ကားမဆန့်တော့လို့ ငှားပါဆိုတော့ ကားငှားခ ငါပဲ စိုက်လိုက်ရတယ်။ နင်တို့ ပြန်ပေးတော့လည်း ကောင်းတာပေါ့။ မပေးတော့လည်း ငါတို့အလှူပဲ သဘောထားရတော့မှာပေါ့။ (စနေဓမ္မမိတ်ဆွေများ အဖွဲ့ ရံပုံငွေတွင်လည်း ရံပုံငွေလက်ကျန် တော်တော်များများ ရှိသေးရာ ထိုရန်ပုံငွေများမှာ စ စုစဉ်ကတည်းက လမ်းစရိတ် အပါအ၀င် အထွေထွေအသုံးစရိတ်များ အတွက်ဖြစ်သဖြင့် ကျွန်တော်က ကားငှားခကို ထိုအထဲမှ ထုတ်ယူသုံးစွဲ လိုက်ပါသည်။)(မဟုတ်ပါက ဆံထုံးလည်းစိုက်ရ၊ ဆီလည်းစိုက်ရ ဆိုလျှင် သိပ်တွက်ခြေ မကိုက်ပါ။)

Wednesday, September 17, 2008

Villages in Laputta Township Trip

၁၇-၀၇-၂၀၀၈ မှ ၁၉-၀၇-၂၀၀၈ (လပွတ္တာ ခရီး)

ဇူလိုင်လ ၁၇ ရက်နေ့က ၀ါဆိုလပြည့်နေ့၊ ၁၈ ရက်နေ့က စနေ ၁ ရက် ဈေးပိတ်ပြီး ၁၉ ရက်နေ့က အာဇာနည် နေ့ဆိုတော့ သုံးရက်ဆက်တိုက် ပိတ်တယ်။ သူတို့က ဈေးသမားတွေဆိုတော့ ဈေးပိတ်တဲ့ရက်နဲ့ ကိုက်ပြီး သွားကြရတာ ကိုး။ ခုတစ်ခေါက်ကတော့ လပွတ္တာဆိုတော့ လေဘေးဒါဏ်ကို အများဆုံးခံရတဲ့ သူတွေဖြစ်လို့ သူတို့အတွက် ပစ္စည်းတွေ အမယ်တော်တော်များများ ၀ယ်ထားကြတယ်။ ၁၇ ရက်နေ့ ၄ နာရီသွားမယ်ဆိုတော့ ငါ့စိတ်ထဲ သြော် ဒီက ညနေပိုင်း ထွက်၊ ဟိုမှာညအိပ်ပြီး အေးအေးဆေးဆေး ပစ္စည်းတွေဝေ။ ဒီလိုထင်တာကိုး၊ အဲဒါကြောင့် ဘာမှတောင် ခရီးသွားဘို့ ပြင်ဆင်မထားဘူး ။ မနက်အစောကြီး မျိုးမျိုးဖုံးဆက်တော့မှ မနက် ၄ နာရီမှန်းသိရတာ။ အဲဒါနဲ့ ငါလည်း ကမန်းကတန်း ပြင်ဆင်ပြီးသွား။ ၄ နာရီခွဲလောက်မှ ကားစထွက်ဖြစ်တယ်။ တွံတေးကို အရင်သွားကြတယ်။
ပစ္စည်းတွေနဲ့ ဆန်အိတ်တွေကို ၁၄ ရက်နေ့ကတည်းက မျိုးမျိုးက တွံတေးကို ကြိုပြီး ပို့နှင့်ထားတယ်။ တွံတေး က ငွေဗျိုင်းဖြူတဲ့၊ မော်တော်နာမည်က။ မော်တော်ပိုင်ရှင်ကလည်း ဒို့လိုပဲ အဲဒီအလှူတွေလိုက်လုပ်နေတဲ့သူ။ အခုလည်း သူတို့က တို့ကို အခမဲ့လိုက်ကူညီတာ။ သူတို့က ဆန်အိတ်တွေတင်ပြီး မော်တော်နဲ့ကြိုသွားနှင့်ကြပြီ။ နောက်ပြီး တို့နဲ့ အတူ တွံတေးက ဘုန်းကြီးလည်းလိုက်အုံးမှာ။ သူ့ကို သွားပင့်တာပေါ့။
တွံတေးကို မနက် ၆ နာရီလောက်ရောက်တယ်။ သူတို့က ဆွမ်းကပ်တာလားမသိဘူး။ တို့ကို ဒန်ပေါက်နဲ့ ဧည့်ခံ တယ်။ တို့လည်း ဒန်ပေါက်ကိုပဲ မနက်စာအဖြစ်စားပြီး ဘုန်းကြီးကိုပါပင့်ပြီး ပြန်လာကြတယ်။ လှိုင်သာယာကနေတဆင့် မြောင်းမြကို ခရီးဆက်ကြတယ်ပေါ့။ မြောင်းမြရောက်တော့ နေ့ခင်း ၁၂ နာရီကျော်နေပြီ။ အဲဒီမှာ ထမင်းစားကြပြီး လပွတ္တာကို ဆက်ထွက်။ လပွတ္တာရောက်တော့ ညနေ ၄ နာရီတီးနေပြီ။ တည်းမဲ့အိမ်မှာ ပစ္စည်းပစ္စယတွေ နေရာချ။ နောက် ဘယ်ရွာတွေကို ဘယ်လိုသွားမလဲ လို့ အဲဒီက မြို့ခံတွေနဲ့ တိုင်ပင်ကြ၊ ဆွေးနွေးကြတယ်။ ဘယ်ရွာတွေကတော့ သိပ်မရ ကြဘူး၊ ဘယ်ရွာတွေကတော့ဖြင့် ကယ်ဆယ်ရေးအဖွဲ့တွေ အရောက်များတယ် စသဖြင့်ပေါ့။ အစ်မကြီး ဒေါ်လှစိန်နဲ့ မျိုးမျိုး တို့က ထမင်းချိုင့်တွေ သယ်လာတယ်ဟဲ့။ တို့လည်း သူတို့ယူလာတဲ့ ထမင်းတွေဟင်းတွေကို ညစာ အဖြစ် တပျော်တပါး စားကြသောက်ကြပြီး ည ၉ နာရီလောက် အိပ်ယာဝင်ကြတယ်။ မနက်အစောကြီးထရမှာကိုး။

မနက် ၄ နာရီလောက် အိပ်ယာကထ၊ တခြားနေရာတွေမှာ အိပ်ကြတဲ့အဖွဲ့တွေနဲ့ ပြန်ဆုံ။ နောက်တော့ မုံ့ဟင်းခါး မနက်စာစား။ ၇ နာရီလောက်ကျတော့ လပွတ္တာဆိပ်ကမ်းကနေ ရွာတွေကို မော်တော်နဲ့ စထွက်ကြတယ်။ ပစ္စည်းကလည်းစုံ၊ လူကလည်းများ၊ စားတော့လည်း မော်တော်ပေါ်မှာပဲ ချက်စားကြတယ် ဆိုတော့ တပျော်တပါးကြီးပဲ။ တစ်နေ့လုံး တစ်ရွာဝင် တစ်ရွာထွက် လျှောက် ဝေကြတယ်။ ဒို့အဖွဲ့တွေက ငါရယ်၊ မျိုးမျိုးရယ်၊ မျိုးမျိုးအစ်မနှစ်ယောက် ရယ်၊ အစ်မကြီးဒေါ်လှစိန်ရယ်၊ မဆွေဆွေ၊ မအေးမိုး၊ မခင်မာကြည်၊ နောက်ပြီး လပွတ္တာ နာရေးကူညီမှုအသင်းက လူ ၃ ယောက် ရယ်၊ တွံတေးက အဖွဲ့ရယ်။ ဘုန်းကြီးရယ် ပေါ့။ ဘုန်းကြီးက အရှင်ခေမာသီရိ(လှတော) တဲ့။ သူက အိန္ဒိယက ဒေါက်တာဘွဲ့ရပြီးသား။ လုပ်တတ်ကိုင်တတ်ဟဲ့။ ဒို့ရောက်ခဲ့တဲ့ရွာ တွေကတော့ စာရင်းစာရွက်ထဲမှာ ပါတဲ့အတိုင်းပဲ။

၁၇-၇-၂၀၀၈ မှ ၁၉-၇-၂၀၀၈ ထိ သွားရောက်လှူဒါန်းခဲ့သော လပွတ္တာမြို့ လေဘေးသင့်ရွာများ

စဉ် ကျေးရွာအမည် အိမ်ထောင်စုပေါင်း ကျေးရွာအုပ်စု
၁ ငါးခုံးမ ကျေးရွာ ၁၉
၂ လိပ်ကွင်းကျေးရွာ ၃၄ သပြေကုန်းအုပ်စု
၃ ကိုးဘိုကျေးရွာ ၉၇ သပြေကုန်းအုပ်စု
၎ သင်ပေါင်းကျေးရွာ ၂၄
၅ ဇင်ရွဲကြီးကျေးရွာ ၁၉၉
၆ ဇင်ရွဲလေးကျေးရွာ ၆၅
၇ ကံကွင်းကျေးရွာ ၅၂
၈ ညောင်ပင်သာကျေးရွာ ၃၆
၉ ကျွန်းကွင်းကျေးရွာ ၁၃၂
၁၀ တန်တစ်ရာ ဆန်စက် ၄၉
၁၁ ရေတွင်းဆိပ်ကျေးရွာ ၁၂၈
၁၂ အရာတော်ကျေးရွာ ၂၁၄

မှတ်ချက်။ ။ထိုရွာများသို့ လှူဒါန်းခဲ့သော ပစ္စည်းတန်ဘိုးစုစုပေါင်းမှာ ၁၅၉သိန်း၃၇၄၅၀ကျပ် ဖြစ်ပါ၏။ အသေးစိတ် စာရင်းကို ပူးတွဲပါ မူရင်းစာရင်းများ၌ ကြည့်ပါရန်။ သူရို့ သွားခဲ့သောခရီးကို ဗီဒီယိုဖြင့်လည်း မှတ်တမ်းတင်ထားရာ စိတ်ပါဝင်စားသူများ ထို ဗီဒီယိုခွေကို ငှားရမ်းကြည့်ရှုနိုင်ပါကြောင်း။

ဒို့တွေ့ရသလောက် ရွာတွေမှာ စပါးစိုက်လို့ ပျိုးလို့ မပြီးကြသေးဘူး။ မုန်တိုင်းတုံးက လယ်တွေထဲကို ဆားငန်ရေ တွေ ၀င်ကုန်ကြတော့ စပါးတွေမပေါက်ကြဘူးတဲ့။ ပျိုးဝယ်စိုက်တော့လည်း ဆားငန်ရေတွေ ၀င်ထားလို့ စပါးပင်တွေ သေကုန်တယ်ပြောတယ်။ ငါတို့ အဲဒီလယ်တွေ တွေ့ခဲ့တယ်။ အဓိက ကတော့ သူတို့မှာ စားဘို့ ဆန် လိုနေတာပဲ။ အ၀တ် အစားနဲ့ အိုးခွက်ပန်းကန်တွေက ရသင့်သလောက် ရပြီးကုန်ကြပြီ။ အဲဒါတွေက သိပ်မလိုတော့ဘူး။ သုံးလို့ ဖြစ်နေပြီ။ ဆန် ကျတော့ကာ တစ်ခါလာလှူမှ တစ်အိမ်ထောင်ကို သုံးပြည်၊ အများဆုံး ငါးပြည်ပဲ လှူနိုင်ကြတော့ ခဏနဲ့ကုန် ကုန် သွားတာကိုး။ ဘယ့်နဲ့ လောက်နိုင်မလဲ။ သမုဒ္ဒရာ ၀မ်းတစ်ထွာ ဆိုတဲ့အတိုင်း ဒီဗိုက်ကြီးက အမြဲစားနေတာဆိုတော့ အမြဲ လိုနေတာကတော့ ဆန်ပဲ။ ဘယ်နှဖွဲ့လာလှူလှူ လောက်စရာကို မရှိဘူး။ လိုမြဲ လိုနေမှာပဲ။ နောက်စပါးပေါ်တဲ့ထိ။
အဲဒီမှာ ဘာတွေဖြစ်နေသလဲဆိုတော့ ဇင်ရွဲကြီးရွာက လူတစ်ယောက်ပြောပြတယ်။ အဲဒီကလူတွေ တော်တော် စိတ်ဓါတ်ပျက်ပြားနေကြတယ် တဲ့။ လူတွေဟာ အလုပ်မလုပ်ချင်ကြတော့ပဲ လာလှူတာပဲ မျှော် စားနေချင်ကြပြီ လို့ ပြော တယ်။ သူ့မှာ ဆားကျင်းရှိတယ်။ ဆားကျင်းက မုန်တိုင်းဒါဏ်ကြောင့် ပျက်စီးသွားတယ်။ အခု သူက ဆားကျင်းကို ပြန်ပြင် ချင်လို့ အလုပ်သမားငှားတော့ လွယ်လွယ်နဲ့ ငှားလို့မရဘူး။ လူတွေက အလုပ်မလုပ်ချင်လို့ လုပ်ခကို မတန်တဆ တောင်းတယ်။ ၂၀၀၀ လောက်တန် တဲ့အလုပ်ကို ၄၀၀၀ လောက်ရမှ လုပ်ချင်ကြတယ်။ အလှူရှင်တွေက စားစရာတွေ လာ လာ ဝေနေကြတော့ အဲဒါပဲ မျှော် နေကြတော့တာပဲ တဲ့။ ပိုက်ဆံမရှိလည်း ကိစ္စမရှိဘူး။ အလှူရှင်လာမှာပဲ ပေါ့။ အဲဒါကတော့ စားစရာသောက်စရာတွေ မပြတ် သွားသွားဝေနေတဲ့ နောက်ဆက်တွဲ ဆိုးကျိုးပဲ။ ဒါပေမဲ့ အဲဒီလိုမှ မဝေရင် လည်း သူတို့မှာ စပါးမပေါ်ခင် စားစရာဘာမှ ရှိမှာမဟုတ်ပြန်ဘူး။ ဒုက္ခ။

ထားပါတော့။ အဲဒီလိုနဲ့ မော်တော်ထဲမှာ ပစ္စည်းတွေကို အထုပ်ကလေးတွေခွဲပြီး ဝေခြမ်းထုပ်ပိုးလိုက်။ ရွာတွေရောက်တော့ ရွာတွေပေါ်တက်ဝေလိုက် နဲ့ တောက်လျှောက် ဝေသွားလိုက်တာ ညနေ ၇ နာရီလောက်ကျတော့ လပွတ္တာကို ပြန်ကြတယ်။ အရေးထဲ ရေကျနဲ့တိုးနေလို့ ရေတက်အောင် စောင့်နေရသေးတယ်။ ရေတက်တော့မှ မောင်းထွက်လာတာ လပွတ္တာကို ည ဆယ်နာရီကျော်မှ ရောက်တယ်။ ထမင်းတော့ မော်တော်ထဲမှာပဲ စားလိုက်ကြ တာပေါ့။ တည်းတဲ့အိမ်ရောက်တော့ ရေမိုးချိုးပြီး အိပ်လိုက်ကြရုံပဲ။ မနက် ၆ နာရီ အိပ်ယာကထ။ မနက်စာ မုန့်ဟင်းခါးစား။ ၇ နာရီလောက်ကျတော့ တစ်ခါပြန်ထွက်။ ဒီတစ်ခါ တော့ နေ့လည် ၁၂ နာရီ အမီ ပြန်ကြရမှာ ဆိုတော့ လပွတ္တာ တစ်ဖက်ကမ်းက ရွာပဲသွားပြီး ဝေလိုက်ကြတော့တယ်။ ၁၁ နာရီလောက်ကျတော့ ဝေလို့အားလုံးပြီးသွားတာနဲ့ ပြန်ခဲ့ကြတယ်။ လပွတ္တာကနေ နေ့ခင်း ၁၂နာရီခွဲမှာ ပြန်ထွက်လာကြ တယ်။ မြောင်းမြမှာ ခဏနားပြီး ဆက်ထွက်။ ညောင်တုန်းရောက်တော့ ညနေ ၅ နာရီလောက်ရှိပြီ။ အဲဒီကမှ ရန်ကုန်ကို ည ၁၁ နာရီလောက် ပြန်ရောက်ကြတယ်။

Nargis Donation Receipts for Laputta





၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်မှ ၁၉ ရက်အတွင်း သွားရောက်လှူဒါန်းခဲ့သော လပွတ္တာာမြို့နယ် မှ ကျေးရွာများ အတွက် စာရင်းရှင်းတမ်းများ ဖြစ်ပါ၏။

Nargis Donation Receipts for Kawhmu


၂၀၀၈ ဇွန်လ ၂၆ ရက်နေ့က ကော့မှူးသို့သွားရောက်လှူဒါန်းခဲ့သော စာရင်းရှင်းတမ်းများ ဖြစ်ပါ၏။

Tuesday, September 16, 2008

Nargis Activity Records Part2 (Kawhmu)

နာဂစ်လေဘေးဒုက္ခသည်များအတွက် သွားရောက်လှူဒါန်းခြင်းမှတ်တမ်းများ အမှတ် (၂)

နိဒါန်း

ကျွန်တော့်မှာ လုပ်စရာကိုင်စရာ၊ ဖတ်စရာ၊ ရေးစရာများဖြင့် အတော်မအားလပ်နိုင်အောင် ရှိပါသဖြင့် နာဂစ် ဒုက္ခ သည်များအား သွားရောက်လှူဒါန်းခြင်း မှတ်တမ်းများကို တေး သာထားပြီး ရေးခန်းသို့ မရောက်ခဲ့ပါ။ ယခု အခြားကိစ္စ များကို ခေတ္တရပ်ထားပြီး နာဂစ်အတွက် ရေးရန် အကြွေးကျန်နေသည်များကို ရေးလိုက်ပါ၏။ သိပ်ကြာလျှင် မေ့ကုန်မှာ စိုးရသည်။ ယခုတောင် တော်တော်များများ မေ့ကုန်ပြီ။ ကျွန်တော်တို့က သည်ဘက်က ပိုက်ဆံစုပေးရုံသာ တတ်နိုင်ပြီး တကယ် ကိုယ်ထိလက်ရောက် သွားရောက်လှူဒါန်းသူများမှာ ကျွန်တော့်နှမများဖြစ်သဖြင့် ကျွန်တော်က သူတို့ပြောပြ သမျှ ဖုံးထဲက နားထောင်ပြီး ပြန်ရေးရခြင်းဖြစ်သဖြင့် ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့သူများလောက်တော့ အသေးစိတ် မကျ နိုင်ပါ။ ကိုယ်ကိုယ်တိုင်လုပ်ခဲ့သူများ ကတော့ မိမိတို့ ဘာလုပ်ခဲ့သည်များကို အသေးစိတ် မှတ်မိနေမည်ဖြစ်သော်လည်း တဆင့် ပြန်နားထောင်ရသော ကျွန်တော့်အဖို့ သူတို့ပြောသမျှ အားလုံးမှတ်မိဘို့ မလွယ်လှပါ။ (လူချင်းတွေ့မေးရလျှင် တော့ ကျွန်တော် က အသံသွင်းထားလေ့ရှိပါသည်။ သို့သော် ဖုံးနှင့်ပြောတာကျတော့ အသံသွင်းဘို့ သိပ်မလွယ်လှပါ)။
တကယ်လုပ်သည့်အခါတွင်လည်း ပြောသလောက် မလွယ်လှပါ။ အခက်အခဲ မျိုးစုံနှင့် တွေ့ရပါသည်။ ရာသီဥတု မကောင်းတာက အစ၊ လမ်းမကောင်းတာ အလယ်၊ ဆက်သွယ်ရေးခက်ခဲတာ အဆုံး။ ကိုယ်တိုင်လုပ်သည့်အခါကျမှ သည် ဒုက္ခသုက္ခများကို သိနိုင်မည်။ ပါးစပ်နှင့်ပြောနေရုံမျှဖြင့် နားမလည်နိုင်။
နောက်ပြီး လုပ်ရင်းကိုင်ရင်း တွေ့လာရသည်မှာ လှူဒါန်းခြင်း၏ ဘေးထွက် ဆိုးကျိုးဖြစ်ပါသည်။ သူများလာလှူတာ အချောင် စားနေရသောအခါ အလုပ်မလုပ်ချင်ကြတော့ခြင်း ဖြစ်ပါ၏။ အလုပ်လုပ်ဘို့ လယ်သမားများက လာငှားသော အခါတွင် နည်းမျိုးစုံဖြင့် ပညာပြနေပါတော့၏။ လုပ်ခကို မတန်တဆ တောင်းလိုတောင်း။ ဖင်နာတယ်၊ ရင်နာတယ် ဆိုလိုဆို။ နောက်ပြီး နင်တို့ဟာ လုပ်ရမှ ငါတို့စားရမှာ မှတ်လို့၊ ငါတို့အလုပ်မလုပ်လဲ အလှူရှင်တွေ အမြဲရှိနေတာပဲ ဟု ပြောသေးသည် ဆို၏။ မမျိုးပြောသည်ကို ဤကဲ့သို့ ပြန်ကြားရသောအခါ ကျွန်တော့်စိတ်ထဲတွင် တခါတခါ စေတနာ တောင် ပျက်ပျက်သွားပါသည်။ သို့သော် လယ်များမထွက်ခင်တော့ သူတို့စားစရာရှိမည်မဟုတ်။ ဘာပဲဖြစ်ဖြစ် လှူမြဲ လှူနေရဦးမည် ဖြစ်ပါသည်။
သည်တစ်ခေါက် မမတို့ ပြင်စလူ သွားလှူရာတွင်မတော့ တော်တော်လေးကို ဒုက္ခများခဲ့ကြပါသည်။ အဆိုးဆုံးက မိုးသည်းထန်စွာရွာသဖြင့် လမ်းများ သွားမရတော့လောက်အောင် ပျက်နေခြင်း ဖြစ်ပါ သည်။ “ချိုင့်ကြီးတွေ ဆိုတာဟယ်၊ တစ်ခုတစ်ခု ဒူးလောက်၊ ခါးလောက်တွေ နက်ပါရဲ့” ဟု မမက ပြန်ပြောပြပါသည်။ ထို့ပြင် “ငါတို့မှာ ကံကောင်းလို့ မသေ တယ်။ အပြန်ကျတော့” ဟုလည်း သည်းထိတ်ရင်ဖိုဖွယ်များကို ပြောပါသေး၏။ သူရေးပေးလိုက်သော မှတ်တမ်းများနှင့် ကျွန်တော်မှတ်မိသမျှ ပေါင်းစပ်ကာ အကောင်းဆုံး ဖြစ်အောင် ရေးလိုက်ပါ၏။

ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့ မှ ကောက်ခံရရှိငွေများအပါအ၀င် အခြားအလှူရှင်များ၏ အလှူငွေ အားလုံးကို ဧရာဝတီတိုင်းမှ နာဂစ်ဒါဏ်ခံ ဒေသများသို့ စားစရာ၊ သောက်စရာ၊ အ၀တ်အထည်၊ အိမ်ဆောက်ပစ္စည်း၊ ငါးပိငါးခြောက်မှ အစ၊ အိုးခွက် ပန်းကန်၊ ဒါး၊ ရေဒီယို၊ မြန်မာဆေးဝါး၊ လက်နှိပ်ဓါတ်မီး အလယ်၊ ဖယောင်းတိုင်၊ မီးခြစ်၊ စိပ်ပုတီး၊ ဘုရားရှိခိုးစာအုပ် အဆုံး ၀ယ်ခြမ်းကာ စေတနာ ဗလပွနှင့် သွားရောက် လှူဒါန်းခဲ့ကြပါသည်။
မုန်တိုင်းကျပြီဟေ့ ဆိုသည်နှင့် ထို ဒုက္ခသည်များအတွက် ဘာလုပ်ပေးရင် ကောင်းမလဲ ဟု ကျွန်တော့်မှာ ခေါင်းခြောက်အောင် စဉ်းစားလျှက် အင်တာနက်သတင်းများကို ဖတ်ရှု စနည်းနာရင်း သူငယ်ချင်းများနှင့် တိုင်ပင်ကာ အလှူငွေများကို ကျွန်တော်တို့ တတ်စွမ်းသရွေ့ လိုက်လံကောက်ခံ ပါသည်။ ထို့နောက်တော့ အစားအစာ ကို ပထမ ဦးစားပေး၊ အ၀တ်အထည် နှင့် အိုးခွက်ပန်းကန် များကို ဒုတိယ ဦးစားပေး၊ နောက်ဆုံးမှ အိမ်ဆောက်ဖို့နှင့် သက်မွေး ၀မ်းကျောင်း ကိရိယာများ၊ ကျောင်း အဆောက်အဦးများ ထောက်ပံ့ပေးရေး စသဖြင့် အစီအစဉ်များ ချမှတ်လှူဒါန်းခဲ့ပါ၏။
မုန်တိုင်းကျပြီးစ သွေးပူနေတုံးတော့ အလှူငွေ ကောက်ခံရတာကောင်းပါ၏။ နိုင်ငံတကာကလည်း အာရုံစိုက် နေချိန်ဆိုတော ကိုယ့် မြန်မာလူမျိုးများသာမက နိုင်ငံခြားသားများကိုပါ ကောက်ခံ လို့ အဆင်ပြေ ပါသည်။ သို့သော် မုန်တိုင်းကာလ လွန်မြောက်ပြီး တစ်လလောက် ကြာသွားတော့ အားလုံး သွေးအေးသွားပြီ ဖြစ်ရာ အလှူငွေ ကောက်ရ တာ အရင်ကလောက် တာမသွားတော့ပါ။ မုန်တိုင်းကျအပြီး တစ်လလောက်အကြာ ဒုတိယအသုတ်အနေနှင့် ကျွန်တော် အလှူငွေများလိုက်လံ ကောက်ခံတော့ ကျွန်တော်နှင့် အလုပ် အတူတူလုပ်နေသူ ဟော်လန်မှ လူကြီး တစ်ယောက်ကို သွား အလှူခံသောအခါ ဘာပြောလွှတ်သည် ထင်ပါသနည်း။
“ဟိုတစ်ခါ ငါ လှူပြီးပြီပဲကွ၊ မင်းကို အပတ်တိုင်း လတိုင်း လှူဘို့ရာ ငါ့မှာ တာဝန်မရှိဘူး” - ဟူ၏။ ကျွန်တော့်မှာ အတော်လေး အောင့်သွားပါသည်။ ကိုင်း၊ အလှူခံချင်အုံးဟ ဟုလည်း ကိုယ့်ကိုယ်ကို ပြန်ဆုံးမ ရပါ၏။ သူပြောတာရော မမှန်ပါလား။ လှူတယ်ဆိုတာ စေတနာ၏ အလုပ် ဖြစ်ပါသည်။ တာဝန် ၀တ္တရားနှင့် ဘာများဆိုင်ပါသနည်း။ (သူတို့အနောက်တိုင်းကလူတွေအဖို့ ဆိုင်လျှင်တော့လည်း မပြောတတ်ပါ။)
သူရို့လို နိုင်ငံခြားသားမပြောနှင့်၊ ကိုယ့်ဗမာ အချင်းချင်းတောင် အလှူခံလို့ မရပါ။ မသိချင်ယောင် ဆောင်နေသူ များပါသည်။ သူမလှူချင်မှန်းသိလျှင် ကိုယ်ကလည်း အလိုက်တသိနှင့် အသာလေး နောက်ဆုတ်ရပါ၏။
ဘာပဲပြောပြော ပထမတစ်သုတ်တော့ အတော်လေး ထည့်ဝင်လှူဒါန်းကြပါ၏။ ကျွန်တော်၊ ကိုနွယ်ဝင်း၊ ကိုမြင့်သိန်း တို့ စုတာ စင်ကာပူဒေါ်လာ တစ်သောင်းကျော်ရပါသည်။ သိပ်မများလှပေမင့် သိပ်နည်းလှသော ပိုက်ဆံ တော့ မဟုတ်ပါ။
ထိုကောက်ခံရရှိငွေများကို ရန်ကုန်မှ ကျွန်တော့်အစ်မကြီးထံပို့ကာ အ၀တ်အထည်၊ စားစရာများ စသဖြင့် လိုအပ်သည်များကို ၀ယ်ခြမ်းကာ မြောင်းမြရှိ ဒုက္ခသည် စခန်းများသို့ သွားရောက် လှူဒါန်းခဲ့ကြ ပါ၏။ ထိုသို့လှူဒါန်းရာ တွင် အဓိက ကူညီသူများမှာ မင်္ဂလာဈေးမှ မမျိုးမျိုးနှင့် အဖွဲ့ ဖြစ်ပါသည်။ သူတို့ မှာက ငွေအင်အား၊ လူအင်အား၊ ပစ္စည်းအင်အား တောင့်တင်းသဖြင့် သူတို့ကူညီပေလို့သာ ကျွန်တော်တို့ ချောချော မောမော လှူဒါန်းနိုင်ခဲ့ခြင်း ဖြစ်ပါ၏။ သို့အတွက် မမျိုးမျိုးတို့အဖွဲ့ကို အထူးကျေးဇူးတင်ရှိပါကြောင်းပါ ခင်ဗျား။

အေးငြိမ်း
၁၅-၀၉-၂၀၀၈


ကော့မှူးသို့ သွားရောက်လှူဒါန်းကြခြင်း (၂၆-၀၆-၂၀၀၈)

ဇွန်လလယ်လောက်တွင် ကျွန်တော် မမနှင့် ဖုံးပြောစဉ် သူက တွံတေးနှင့် ကွမ်းခြံကုန်းဘက်တွင် အစာရေစာ များပြတ်လပ်နေသည်ဟု သတင်းရကြောင်း၊ တွံတေးဘက်မှ လူကြီးသုံးလေးဦး စားစရာမရှိသဖြင့် ဆန်လာပြီး အလှူခံ ကြောင်း၊ ထမင်းချက်မစားရတောင် ဆန်ပြုတ်လောက်ကလေး ပြုတ်သောက်ရတောင် တော်ပါပြီ ဟု ပြောသည်ဆိုသဖြင့် ကျွန်တော့်မှာ ဘယ်လိုခံစားလိုက်ရမှန်းပင် မသိပါ။ သို့နှင့် ကျွန်တော်က ကိုယ်နှင့် နီးစပ်ရာသူငယ်ချင်းများသို့ အတင်း လိုက် အလှူခံရပြန်ပါ၏။ ကိုရေချမ်းက သူတို့အဖွဲ့တွေ ပြီးခဲ့သည့် အပတ်ကမှ ... ဆရာတော် (ဘွဲ့မမှတ်မိတော့ပါ) ကို လှူလိုက်ပြီးဖြစ်သဖြင့် သိပ်မသေချာကြောင်း၊ သူ အတတ် နိုင်ဆုံးစည်းရုံးပါမည့်အကြောင်း ပြောပါ၏။ သို့သော် တကယ် အလှူခံတော့ သူ့ဆီမှ ဆန် ၁၈ အိတ်စာ ရပါသည်။ ကျွန်တော်လည်း သူတို့ထံမှ စာရင်းကို အပူတပြင်း တောင်းပြီး သကာလ စနေဓမ္မမိတ်ဆွေများအလှူငွေ အပါအ၀င် ရသမျှအလှူငွေကို သူတို့ထံမှ ပိုက်ဆံ အရောက်စောင့် မနေတော့ပဲ လွှဲလိုက်ကာ မမကို တွံတေးသို့ ချက်ခြင်း သွားခိုင်းလိုက်ပါ၏။ ထုံးစံအတိုင်း မမျိုး တို့နှင့်အတူ ဖြစ်ပါသည်။
အလှူငွေ ကျပ် ၁၈၁၆၅၆၀ ရပြီး ရသမျှအားလုံးကို ဆန်ချည်းဝယ်သွားရာ ဆန်အိတ် ၁၀၀ ရပါ၏။ ဆန်မှာ အ၀ါရောင်ပေါက်နေပြီး အတန်ငယ် ညံ့သည် ဟု ဆိုပါသည်။ ကျွန်တော်က နောက်တစ်ခါဝယ်လျှင် ကောင်းသောဆန် ၀ယ်သွားရန် အကြံပေးပါ၏။ ဆန်အိတ် ၁၀၀ သာဆိုတယ်၊ ဝေလိုက်တော့ တစ်အိမ်ထောင် ကို သုံးပြည်စီပဲ ရတာဟဲ့ ဟု မမကပြောပါ၏။ အလှူကိစ္စအတွက် ဆန်အိတ်များသယ်ရာတွင် တွံတေးမှ စက် လှေက အကူအညီပေးပါ၏။ ကျွန်တော် က မမကို သူရို့လုပ်ခဲ့သည်များကို မှတ်တမ်းရေးခိုင်းထားရာ အောက်ပါ တို့မှာ သူရေးပေးလိုက်သော မှတ်တမ်းများ ဖြစ်ပါ၏။

၂၆-၆-၂၀၀၈ (ကော့မှူးကို နေ့ချင်းပြန်သွားခဲ့တဲ့ခရီး)

စနေဓမ္မမိတ်ဆွေများအဖွဲ့ က နင်ပို့လိုက်တဲ့ ၁၈ သိန်းကျော်ရယ်၊ မခင်သိန်းညွန့် က သပ်သပ်လှူတာ တစ်သိန်း ရယ်၊ အရင် ၀ိသာခါကျောင်းက ကျန်တာ ၃၇၅၀၀၀ ရယ် ပေါင်း ၂၂ သိန်းခွဲကျော် အလှူငွေ လက်ထဲမှာ ရှိတယ်ပေါ့။ လပွတ္တာက ရွာတွေက ခရီးလည်းဝေးတယ်။ လှူရမဲ့ရွာတွေလည်း များတယ်။ လူအသေအပျောက်လည်း များတယ် ဆိုတော့ သူ့ဘို့ များများချန်ထားပြီး ကော့မှူးဘို့ ၂၇၅၀၀၀ လပွတ္တာဘို့ သိန်း ၂၀ စသဖြင့် ခွဲလိုက်တယ်။ တွံတေးက ဆန်ပြတ်နေတဲ့သူတွေအတွက် ဒီမှာ ငါတို့ လိုက်ပြီးအလှူခံတာ ဒေါ်အိုင်းရစ်က ဆန် တစ်အိတ်၊ ဆရာမကြီး ဒေါ်ခင်မမ က တစ်အိတ်၊ အန်တီပြုံးတို့က တစ်အိတ်၊ ဦးသန်းအောင်က တစ်အိတ် ပေါင်း လေးအိတ်ရတယ်။ ကော့မှူးကိုတော့ ငါနဲ့ မြတ်ထားနဲ့ သွားလိုက်တယ်။
မျိုးမျိုးတို့အိမ်က ကားက နေ့လည်စာအတွက် ဒန်ပေါက် သွားဝယ်ရင်း ငါတို့ကိုလာခေါ်လို့ မနက် ငါးနာရီ လောက် မျိုးမျိုးတို့အိမ်ကိုသွားကြပြီး အဲဒီကနေမှ မနက် ၆ နာရီလောက်မှာ အစ်မကြီးဒေါ်လှစိန်တို့အိမ်မှာ မုံ့ဟင်းခါး စားကြတယ်။ မနက် ၇ နာရီလောက်မှ ရန်ကုန်က ထွက်ဖြစ်ကြတယ်။ ကော့မှူးက သွားရမဲ့ခရီးက လည်းနီးတယ်။ ဝေရမဲ့ ပစ္စည်းကလည်း နည်းပြီး အမယ်သိပ်မများတော့ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပဲ။
ခုတစ်ခေါက်သွားတာက မျိုးမျိုးတို့အိမ်က ဒိုင်နာနဲ့ သွားကြတာ။ ငါရယ်၊ မျိုးမျိုးရယ်၊ မျိုးမျိုးအစ်မ နှစ်ယောက် ရယ်၊ ဆွေဆွေရယ်၊ မအေးမိုးရယ်၊ F.M.I က မခင်မာကြည်ရယ်၊ ကိုသူရရယ်၊ ခြောက်ထပ်ကြီးက ဘုန်းကြီးရယ်၊ မြတ် ထားရယ် ပေါ့။ ဒိုင်နာနဲ့သွားရတာကို ငါတော့ ပိုသဘောကျတယ်။ အကုန်လုံးစုထိုင်ပြီး သွားရတာဆိုတော့ စကားပြော လိုက် ရီလိုက် မောလိုက်နဲ့ ပိုပြီးအဆင်ပြေတယ်။ မီနီဘတ်စ် နဲ့ကျတော့ တစ်ယောက်တစ်ခုံဆိုတော့ စကားပြောရတာ အဆင်မပြေဘူး။ ခါတိုင်းဆို အစ်မကြီး ဒေါ်လှစိန် အမြဲပါနေကျ။ ခုတစ်ခေါက်တော့ သူ တရားစခန်းဝင်နေတာနဲ့ မလိုက် ဖြစ်ဘူး။ အဲဒီအစ်မကြီးဆို သိပ်ကျန်းမာရေးမကောင်းတဲ့ကြားက သွားတဲ့အခေါက်တိုင်း သူလိုက်တယ်။ ငွေအားရော၊ လူအားရော၊ တကယ့်ကို အားတက်သရောပဲဟေ့။ ပစ္စည်းဝေတာတို့ဘာတို့မှာလည်း သူ တောက်လျှောက် ၀င်လုပ်တာပဲ။
ကော့မှူးရောက်တော့ ၈ နာရီခွဲ။ ကော့မှူးမှာ ဆန်ဝေမဲ့ရွာကလူတွေ လာကြိုနေတယ်။ မျိုးမျိုးက တစ်ရက်ကြို သွားပြီး ဆန်အိတ်တွေ အရင်ဝယ်နှင့်၊ နောက်ပြီး နောက်နေ့ ငါတို့လာတော့ အဆင်သင့်ဝေနိုင်အောင်လို့ ကြိုစီစဉ်ထားနှင့် တာ။ ကော့မှူးကနေ ရွာကို စက်လှေနဲ့ တစ်နာရီလောက်မောင်းရတယ်။ လမ်းမှတွေ့တဲ့ရွာက လူတွေကိုလည်း ဝေသွား တာပေါ့။ မျိုးမျိုးက လုံချည်တွေ၊ အင်္ကျီ တွေသယ်လာလို့ အဲဒီအထည်တွေရယ်၊ နောက်ပြီး ပိုက်ဆံလည်းထည့်ဝေတယ်။
တို့ဆန်သွားဝေတဲ့ ရွာနာမည်က ညောင်ပင်သာရွာတဲ့။ တို့လည်း အချိန်ဆွဲမနေပဲ ရောက်ရောက်ချင်း ဆန်အိတ် တွေထားတဲ့ အိမ်မှာ ဝေဘို့ လုပ်ကြတယ်။ ဆန်က တစ်အိတ်ကို ၁၂၀၀၀ ဈေးဝယ်ရတယ်။ ဆန်ဝါတွေပါတယ်။ သိပ်မကောင်းလှဘူး။ ဒါပေမဲ့ အဲဒီဆန်တွေပဲ ရှိတယ်တဲ့။ လိုသေးလို့ နောက်ထပ် နည်းနည်းလောက် ထပ်ဝယ်ချင်သေး တာတောင် ၀ယ်လို့မရတော့ဘူး။ ခွဲလိုက်တော့ အိမ်ထောင်စု တစ်ခုကို သုံးပြည်ကျစီရတယ်။ အဲဒါနဲ့ ရသလောက်ပဲ အိမ်ထောင်စုအားလုံးကို ဝေပေးလိုက်တာပေါ့။ အိမ်ထောင်စု တစ်ခုကို ဝေပုံကျတစ်စု ရတာပေါ့ဟယ်။ တစ်ချို့ကျတော့ အိမ်ထောင်စု စာရင်းတစ်ခုထဲမှာ အိမ်ထောင်စု နှစ်ခုနေကြတော့ သူတို့ဘို့ မရရကောင်းလားလို့ ရန်တွေဖြစ်ကြလို့ဟေ့။ ဖြစ်ပုံက အဲဒီမိသားစုမှာ အိမ်ထောင်ကျသွားတဲ့သားက အိမ်မခွဲပဲ သူ့မိဘများအိမ်မှာပဲ ပေါင်းနေတယ်။ ဒီတော့ ရပ်ရွာက အလှူငွေစုတဲ့အခါဖြစ်စေ ရပ်ရွာအရေးတွေမှာ သူတို့က အနပ်တင်ပြီး မိသားစု နှစ်စုစာတော့မလုပ်ပဲ ဘာ အခု ရစရာရှိမှ မိသားစုနှစ်ခုစာ လိုချင်လို့ ဖြစ်မလဲ စသဖြင့်ပေါ့ဟယ်။ ရွာလူကြီးကတော့ အိမ်ထောင်စု စာရင်းပေါက်တဲ့အတိုင်း ဝေတာ ပေါ့။ အဲဒါ သူတို့မရလို့ဆိုပြီး ရန်လုပ်တာ။ ထားပါတော့။
ရွာကစာသင်ကျောင်းကလည်း အကုန် ဘာမှမကျန်အောင် ပြိုပျက်သွားတော့ စာသင်စရာနေရာမရှိဘူး။ အိမ်တွေမှာပဲ ခွဲသင်နေကြရတယ်။ သူငယ်တန်းက တစ်အိမ်၊ ၄ တန်းက တစ်အိမ်၊ ၅ တန်းက တစ်အိမ် စသဖြင့်ပေါ့။ ၆ တန်းနဲ့ ၇ တန်းကတော့ ဘုန်းကြီးကျောင်း ဇရပ်မှာ သင်နေတာ တွေ့ရတယ်။ လယ်တွေပြီးကြပြီလား လို့မေးကြည့်တော့ အတော်များများ မပြီးကြသေးဘူး။ အနည်းအကျဉ်းပဲ ပြီးသေးတယ်။ လယ်သမားတွေကို တစ်ယောက်ကို မျိုးစပါး ၄ တင်းခွဲ ပေးတယ်တဲ့။ ပေါက်တာပေါက်၊ မပေါက်တာမပေါက်ပဲလို့ ပြောတယ်။ အဲဒီရွာတွေကျတော့ ပင်လယ်နဲ့ နည်းနည်း ဝေးသွားလို့ လူအသေအပျောက်တော့ သိပ်မရှိဘူး၊ တစ်ယောက်ပဲသေတယ် လို့ပြောတယ်။ အိမ်တွေတော့ အကုန် ပျက်စီးကုန်တာပေါ့။ ဒါပေမဲ့ အိမ်တွေတော်တော်များများ ပြန်ဆောက်ပြီးကုန်ကြပြီ။ နေလို့ရရုံပေါ့။
ဒို့တွေ လေဘေးသွားလှူတယ်ဆိုတာ ကိုယ့်ထမင်းကိုယ် စားကြရတာပေါ့။ အနို့ သူတို့မှာလည်း ကိုယ့်ကျွေးဘို့ နေနေသာ သူတို့တောင်မှ စားစရာမရှိတာ။ နို့ပေမဲ့ အဲဒီရွာမှာတော့ ထမင်းချိုင့်လေးတွေနဲ့ လာပို့ကြတယ် ဟဲ့။ ဒို့လည်း အဲဒီထမင်းတွေပဲ စားလိုက်ကြတယ်။ အောင်မယ်၊ စားလို့အရမ်းကောင်းတယ်ဟဲ့။ ဒို့ရွာတွေဘက်က ချက်သလိုမျိုး။ ဒို့မှာ နေ့လည်စာဘို့ ဒန်ပေါက်တွေပါလာတယ်။ အပြန်မှ စားမယ်ဆိုပြီး ကားပေါ်မှာ ထားခဲ့ကြတာ။ အဲဒီရွာမှာ စားလိုက်ကြ တော့ ဒန်ပေါက်ထုပ်တွေ မစားဖြစ်တော့ဘူး ပေါ့။
ဆန်အားလုံးဝေပြီးတော့ ၁၀ နာရီခွဲနေပြီ။ နောက်တော့ ကော့မှူးကို ပြန်လာကြတယ်။ အဲဒီကမှ ငှက်အော်စမ်း ကို သွား။ ငှက်အော်စမ်းမှာ ကားထားခဲ့ပြီး ညောင်တုန်းဆိုတဲ့ရွာကို ထော်လာဂျီနဲ့ ဆက်သွားကြတယ်။ အဲဒီရွာက လာကြို နေတာ။ ဆန်ကတော့ အရင်ရက်က မျိုးမျိုး ကြိုလာပြီး ၀ယ်ထားခဲ့တယ်။ လမ်းကလည်း ဆိုးလိုက်တာ မပြောပါနဲ့တော့။ လမ်းမှာ ထော်လာဂျီ နစ်နေရင် တို့က ခြေလျင်ဆင်းလျှောက်၊ ထော်လာဂျီကို ၀ိုင်းတွန်း။ လမ်းက မြေနီလမ်း။ တို့ရွာက နေ ထုံးပေါ်တို့၊ ကျီးပင်တို့ဘက်ကိုသွားတဲ့ ကျော(ကုန်းပြင်မြင့်)ပေါ်ကလမ်းမျိုးတွေ။ ချိုင့်တွေ ခွက်တွေနဲ့။ အဲဒီရွာက လူတွေက အဲဒီကျောပေါ်က ၀ါးပိုးဝါးတို့၊ သိုက်ဝါးတို့ကို ခုတ်။ လက်တွန်းလှည်းပေါ်တင်ပြီး လူအားနဲ့ ဆွဲကြတယ်။ အရမ်း ပင်ပန်းတာပေါ့ဟယ်။ လက်တွန်းလှည်းတစ်စီးကို တို့ဆီက ၀ါးဖောင်နှစ်ဖောင်စာလောက်(၀ါးအလုံး ငါးဆယ်ခန့်) ရှိတယ်။
ရွာကို နေ့ခင်း ၂ နာရီကျော်လောက်ရောက်ကြတယ်။ ဆန်ထုပ်တွေက အဆင်သင့်ဆိုတော့ ရောက်ရောက်ချင်း ပဲ ဆန်တွေ ဝေလိုက်ကြတယ်။ ဆန်ဝေပြီးတော့ အဲဒီကျောင်းက ဘုန်းကြီးဆီမှာ (ကပ္ပိယကပြောတာနဲ့) လက်ဖွဲ့တွေ တောင်းကြတယ်။ ငါလဲ ပေးတော့ ယူထားလိုက်တာပေါ့။ ညနေစာအတွက်ကတော့ မနက်က မစားဖြစ်လိုက်တဲ့ ဒန်ပေါက် တွေ ရှိသေးတာနဲ့ စားလိုက်ကြပြီး ညနေ ၅ နာရီလောက်မှာ ပြန်ခဲ့ကြတယ်။ အိမ်ကို ည ၈နာရီခွဲလောက် ပြန်ရောက် တယ်။ ဒီခရီးကတော့ ရာသီဥတုကလည်းကောင်း၊ လမ်းကလည်း သိပ်မဆိုးလို့ အတော်အဆင်ပြေတယ်၊ သိပ် မပင်ပန်း ဘူး ဆိုရမယ်။

ညောင်တုန်းကျေးရွာ ဆန် ၅၀ အိတ် x ၁၂၀၀၀ = ၆၀၀၀၀၀
ညောင်ပင်သာကျေးရွာ ဆန် ၄၇ အိတ် x ၁၁၀၀၀ = ၅၁၇၀၀၀
စုစုပေါင်း = ၁၁၁၇၀၀၀ ကျပ်
အသေးစိတ် စာရင်းကို မူရင်းစာရင်း၌ သပ်သပ်ကြည့်ပါရန်။
(အလှူငွေအားလုံးကို ဆန်အိတ်ဝယ်ရာ၌သုံးပြီး အသုံးစရိတ်များကို မိမိတို့ဘာသာ ကျခံပါသည်။)