Wednesday, September 17, 2008

Villages in Laputta Township Trip

၁၇-၀၇-၂၀၀၈ မှ ၁၉-၀၇-၂၀၀၈ (လပွတ္တာ ခရီး)

ဇူလိုင်လ ၁၇ ရက်နေ့က ၀ါဆိုလပြည့်နေ့၊ ၁၈ ရက်နေ့က စနေ ၁ ရက် ဈေးပိတ်ပြီး ၁၉ ရက်နေ့က အာဇာနည် နေ့ဆိုတော့ သုံးရက်ဆက်တိုက် ပိတ်တယ်။ သူတို့က ဈေးသမားတွေဆိုတော့ ဈေးပိတ်တဲ့ရက်နဲ့ ကိုက်ပြီး သွားကြရတာ ကိုး။ ခုတစ်ခေါက်ကတော့ လပွတ္တာဆိုတော့ လေဘေးဒါဏ်ကို အများဆုံးခံရတဲ့ သူတွေဖြစ်လို့ သူတို့အတွက် ပစ္စည်းတွေ အမယ်တော်တော်များများ ၀ယ်ထားကြတယ်။ ၁၇ ရက်နေ့ ၄ နာရီသွားမယ်ဆိုတော့ ငါ့စိတ်ထဲ သြော် ဒီက ညနေပိုင်း ထွက်၊ ဟိုမှာညအိပ်ပြီး အေးအေးဆေးဆေး ပစ္စည်းတွေဝေ။ ဒီလိုထင်တာကိုး၊ အဲဒါကြောင့် ဘာမှတောင် ခရီးသွားဘို့ ပြင်ဆင်မထားဘူး ။ မနက်အစောကြီး မျိုးမျိုးဖုံးဆက်တော့မှ မနက် ၄ နာရီမှန်းသိရတာ။ အဲဒါနဲ့ ငါလည်း ကမန်းကတန်း ပြင်ဆင်ပြီးသွား။ ၄ နာရီခွဲလောက်မှ ကားစထွက်ဖြစ်တယ်။ တွံတေးကို အရင်သွားကြတယ်။
ပစ္စည်းတွေနဲ့ ဆန်အိတ်တွေကို ၁၄ ရက်နေ့ကတည်းက မျိုးမျိုးက တွံတေးကို ကြိုပြီး ပို့နှင့်ထားတယ်။ တွံတေး က ငွေဗျိုင်းဖြူတဲ့၊ မော်တော်နာမည်က။ မော်တော်ပိုင်ရှင်ကလည်း ဒို့လိုပဲ အဲဒီအလှူတွေလိုက်လုပ်နေတဲ့သူ။ အခုလည်း သူတို့က တို့ကို အခမဲ့လိုက်ကူညီတာ။ သူတို့က ဆန်အိတ်တွေတင်ပြီး မော်တော်နဲ့ကြိုသွားနှင့်ကြပြီ။ နောက်ပြီး တို့နဲ့ အတူ တွံတေးက ဘုန်းကြီးလည်းလိုက်အုံးမှာ။ သူ့ကို သွားပင့်တာပေါ့။
တွံတေးကို မနက် ၆ နာရီလောက်ရောက်တယ်။ သူတို့က ဆွမ်းကပ်တာလားမသိဘူး။ တို့ကို ဒန်ပေါက်နဲ့ ဧည့်ခံ တယ်။ တို့လည်း ဒန်ပေါက်ကိုပဲ မနက်စာအဖြစ်စားပြီး ဘုန်းကြီးကိုပါပင့်ပြီး ပြန်လာကြတယ်။ လှိုင်သာယာကနေတဆင့် မြောင်းမြကို ခရီးဆက်ကြတယ်ပေါ့။ မြောင်းမြရောက်တော့ နေ့ခင်း ၁၂ နာရီကျော်နေပြီ။ အဲဒီမှာ ထမင်းစားကြပြီး လပွတ္တာကို ဆက်ထွက်။ လပွတ္တာရောက်တော့ ညနေ ၄ နာရီတီးနေပြီ။ တည်းမဲ့အိမ်မှာ ပစ္စည်းပစ္စယတွေ နေရာချ။ နောက် ဘယ်ရွာတွေကို ဘယ်လိုသွားမလဲ လို့ အဲဒီက မြို့ခံတွေနဲ့ တိုင်ပင်ကြ၊ ဆွေးနွေးကြတယ်။ ဘယ်ရွာတွေကတော့ သိပ်မရ ကြဘူး၊ ဘယ်ရွာတွေကတော့ဖြင့် ကယ်ဆယ်ရေးအဖွဲ့တွေ အရောက်များတယ် စသဖြင့်ပေါ့။ အစ်မကြီး ဒေါ်လှစိန်နဲ့ မျိုးမျိုး တို့က ထမင်းချိုင့်တွေ သယ်လာတယ်ဟဲ့။ တို့လည်း သူတို့ယူလာတဲ့ ထမင်းတွေဟင်းတွေကို ညစာ အဖြစ် တပျော်တပါး စားကြသောက်ကြပြီး ည ၉ နာရီလောက် အိပ်ယာဝင်ကြတယ်။ မနက်အစောကြီးထရမှာကိုး။

မနက် ၄ နာရီလောက် အိပ်ယာကထ၊ တခြားနေရာတွေမှာ အိပ်ကြတဲ့အဖွဲ့တွေနဲ့ ပြန်ဆုံ။ နောက်တော့ မုံ့ဟင်းခါး မနက်စာစား။ ၇ နာရီလောက်ကျတော့ လပွတ္တာဆိပ်ကမ်းကနေ ရွာတွေကို မော်တော်နဲ့ စထွက်ကြတယ်။ ပစ္စည်းကလည်းစုံ၊ လူကလည်းများ၊ စားတော့လည်း မော်တော်ပေါ်မှာပဲ ချက်စားကြတယ် ဆိုတော့ တပျော်တပါးကြီးပဲ။ တစ်နေ့လုံး တစ်ရွာဝင် တစ်ရွာထွက် လျှောက် ဝေကြတယ်။ ဒို့အဖွဲ့တွေက ငါရယ်၊ မျိုးမျိုးရယ်၊ မျိုးမျိုးအစ်မနှစ်ယောက် ရယ်၊ အစ်မကြီးဒေါ်လှစိန်ရယ်၊ မဆွေဆွေ၊ မအေးမိုး၊ မခင်မာကြည်၊ နောက်ပြီး လပွတ္တာ နာရေးကူညီမှုအသင်းက လူ ၃ ယောက် ရယ်၊ တွံတေးက အဖွဲ့ရယ်။ ဘုန်းကြီးရယ် ပေါ့။ ဘုန်းကြီးက အရှင်ခေမာသီရိ(လှတော) တဲ့။ သူက အိန္ဒိယက ဒေါက်တာဘွဲ့ရပြီးသား။ လုပ်တတ်ကိုင်တတ်ဟဲ့။ ဒို့ရောက်ခဲ့တဲ့ရွာ တွေကတော့ စာရင်းစာရွက်ထဲမှာ ပါတဲ့အတိုင်းပဲ။

၁၇-၇-၂၀၀၈ မှ ၁၉-၇-၂၀၀၈ ထိ သွားရောက်လှူဒါန်းခဲ့သော လပွတ္တာမြို့ လေဘေးသင့်ရွာများ

စဉ် ကျေးရွာအမည် အိမ်ထောင်စုပေါင်း ကျေးရွာအုပ်စု
၁ ငါးခုံးမ ကျေးရွာ ၁၉
၂ လိပ်ကွင်းကျေးရွာ ၃၄ သပြေကုန်းအုပ်စု
၃ ကိုးဘိုကျေးရွာ ၉၇ သပြေကုန်းအုပ်စု
၎ သင်ပေါင်းကျေးရွာ ၂၄
၅ ဇင်ရွဲကြီးကျေးရွာ ၁၉၉
၆ ဇင်ရွဲလေးကျေးရွာ ၆၅
၇ ကံကွင်းကျေးရွာ ၅၂
၈ ညောင်ပင်သာကျေးရွာ ၃၆
၉ ကျွန်းကွင်းကျေးရွာ ၁၃၂
၁၀ တန်တစ်ရာ ဆန်စက် ၄၉
၁၁ ရေတွင်းဆိပ်ကျေးရွာ ၁၂၈
၁၂ အရာတော်ကျေးရွာ ၂၁၄

မှတ်ချက်။ ။ထိုရွာများသို့ လှူဒါန်းခဲ့သော ပစ္စည်းတန်ဘိုးစုစုပေါင်းမှာ ၁၅၉သိန်း၃၇၄၅၀ကျပ် ဖြစ်ပါ၏။ အသေးစိတ် စာရင်းကို ပူးတွဲပါ မူရင်းစာရင်းများ၌ ကြည့်ပါရန်။ သူရို့ သွားခဲ့သောခရီးကို ဗီဒီယိုဖြင့်လည်း မှတ်တမ်းတင်ထားရာ စိတ်ပါဝင်စားသူများ ထို ဗီဒီယိုခွေကို ငှားရမ်းကြည့်ရှုနိုင်ပါကြောင်း။

ဒို့တွေ့ရသလောက် ရွာတွေမှာ စပါးစိုက်လို့ ပျိုးလို့ မပြီးကြသေးဘူး။ မုန်တိုင်းတုံးက လယ်တွေထဲကို ဆားငန်ရေ တွေ ၀င်ကုန်ကြတော့ စပါးတွေမပေါက်ကြဘူးတဲ့။ ပျိုးဝယ်စိုက်တော့လည်း ဆားငန်ရေတွေ ၀င်ထားလို့ စပါးပင်တွေ သေကုန်တယ်ပြောတယ်။ ငါတို့ အဲဒီလယ်တွေ တွေ့ခဲ့တယ်။ အဓိက ကတော့ သူတို့မှာ စားဘို့ ဆန် လိုနေတာပဲ။ အ၀တ် အစားနဲ့ အိုးခွက်ပန်းကန်တွေက ရသင့်သလောက် ရပြီးကုန်ကြပြီ။ အဲဒါတွေက သိပ်မလိုတော့ဘူး။ သုံးလို့ ဖြစ်နေပြီ။ ဆန် ကျတော့ကာ တစ်ခါလာလှူမှ တစ်အိမ်ထောင်ကို သုံးပြည်၊ အများဆုံး ငါးပြည်ပဲ လှူနိုင်ကြတော့ ခဏနဲ့ကုန် ကုန် သွားတာကိုး။ ဘယ့်နဲ့ လောက်နိုင်မလဲ။ သမုဒ္ဒရာ ၀မ်းတစ်ထွာ ဆိုတဲ့အတိုင်း ဒီဗိုက်ကြီးက အမြဲစားနေတာဆိုတော့ အမြဲ လိုနေတာကတော့ ဆန်ပဲ။ ဘယ်နှဖွဲ့လာလှူလှူ လောက်စရာကို မရှိဘူး။ လိုမြဲ လိုနေမှာပဲ။ နောက်စပါးပေါ်တဲ့ထိ။
အဲဒီမှာ ဘာတွေဖြစ်နေသလဲဆိုတော့ ဇင်ရွဲကြီးရွာက လူတစ်ယောက်ပြောပြတယ်။ အဲဒီကလူတွေ တော်တော် စိတ်ဓါတ်ပျက်ပြားနေကြတယ် တဲ့။ လူတွေဟာ အလုပ်မလုပ်ချင်ကြတော့ပဲ လာလှူတာပဲ မျှော် စားနေချင်ကြပြီ လို့ ပြော တယ်။ သူ့မှာ ဆားကျင်းရှိတယ်။ ဆားကျင်းက မုန်တိုင်းဒါဏ်ကြောင့် ပျက်စီးသွားတယ်။ အခု သူက ဆားကျင်းကို ပြန်ပြင် ချင်လို့ အလုပ်သမားငှားတော့ လွယ်လွယ်နဲ့ ငှားလို့မရဘူး။ လူတွေက အလုပ်မလုပ်ချင်လို့ လုပ်ခကို မတန်တဆ တောင်းတယ်။ ၂၀၀၀ လောက်တန် တဲ့အလုပ်ကို ၄၀၀၀ လောက်ရမှ လုပ်ချင်ကြတယ်။ အလှူရှင်တွေက စားစရာတွေ လာ လာ ဝေနေကြတော့ အဲဒါပဲ မျှော် နေကြတော့တာပဲ တဲ့။ ပိုက်ဆံမရှိလည်း ကိစ္စမရှိဘူး။ အလှူရှင်လာမှာပဲ ပေါ့။ အဲဒါကတော့ စားစရာသောက်စရာတွေ မပြတ် သွားသွားဝေနေတဲ့ နောက်ဆက်တွဲ ဆိုးကျိုးပဲ။ ဒါပေမဲ့ အဲဒီလိုမှ မဝေရင် လည်း သူတို့မှာ စပါးမပေါ်ခင် စားစရာဘာမှ ရှိမှာမဟုတ်ပြန်ဘူး။ ဒုက္ခ။

ထားပါတော့။ အဲဒီလိုနဲ့ မော်တော်ထဲမှာ ပစ္စည်းတွေကို အထုပ်ကလေးတွေခွဲပြီး ဝေခြမ်းထုပ်ပိုးလိုက်။ ရွာတွေရောက်တော့ ရွာတွေပေါ်တက်ဝေလိုက် နဲ့ တောက်လျှောက် ဝေသွားလိုက်တာ ညနေ ၇ နာရီလောက်ကျတော့ လပွတ္တာကို ပြန်ကြတယ်။ အရေးထဲ ရေကျနဲ့တိုးနေလို့ ရေတက်အောင် စောင့်နေရသေးတယ်။ ရေတက်တော့မှ မောင်းထွက်လာတာ လပွတ္တာကို ည ဆယ်နာရီကျော်မှ ရောက်တယ်။ ထမင်းတော့ မော်တော်ထဲမှာပဲ စားလိုက်ကြ တာပေါ့။ တည်းတဲ့အိမ်ရောက်တော့ ရေမိုးချိုးပြီး အိပ်လိုက်ကြရုံပဲ။ မနက် ၆ နာရီ အိပ်ယာကထ။ မနက်စာ မုန့်ဟင်းခါးစား။ ၇ နာရီလောက်ကျတော့ တစ်ခါပြန်ထွက်။ ဒီတစ်ခါ တော့ နေ့လည် ၁၂ နာရီ အမီ ပြန်ကြရမှာ ဆိုတော့ လပွတ္တာ တစ်ဖက်ကမ်းက ရွာပဲသွားပြီး ဝေလိုက်ကြတော့တယ်။ ၁၁ နာရီလောက်ကျတော့ ဝေလို့အားလုံးပြီးသွားတာနဲ့ ပြန်ခဲ့ကြတယ်။ လပွတ္တာကနေ နေ့ခင်း ၁၂နာရီခွဲမှာ ပြန်ထွက်လာကြ တယ်။ မြောင်းမြမှာ ခဏနားပြီး ဆက်ထွက်။ ညောင်တုန်းရောက်တော့ ညနေ ၅ နာရီလောက်ရှိပြီ။ အဲဒီကမှ ရန်ကုန်ကို ည ၁၁ နာရီလောက် ပြန်ရောက်ကြတယ်။

No comments: