လပွတ္တာသို့ သွားရောက်လှူဒါန်းခြင်း
မြောင်းမြမှာက လေသိပ်မတိုက်လို့ ဘာမှမပျက်စီးဘူး။ လပွတ္တာနဲ့ ရွာတွေက တက်လာတဲ့ လူတွေပဲ ရှိတယ်။ သူတို့ မြို့ခံတွေက အဲဒီသူတွေကို ရောက်ရောက်ချင်း စောင့်ရှောက်ထား ရတာပေါ့။ ဆန်ပြုတ်၊ ထမင်း စတာတွေ ကျွေးရတာပေါ့။
နင်က ဖုံးဆက်ပြီး နောက်ထပ် အလှူငွေ သိန်း ၇၀ ထပ်ရတယ် ဆိုတာနဲ့ မမျိုးကို ဖုံးဆက်ပြီး ပုဆိုး၊ ပန်းကန်၊ တီရှပ်၊ စတာတွေ ၀ယ်မယ်လို့ လှမ်း အကြောင်းကြား လိုက်တယ်။ မြောင်းမြကို ပေါင်မုံ့ အလုံး တစ်သောင်း လည်း မှာခိုင်းလိုက်တယ်။ ပေါင်မုံ့ တွေတော့ ဒီက သယ်မသွားတော့ဘူး။ ပုဆိုး ပန်းကန် စတာတွေတော့ တစ်ရက် ငါ မမျိုး နဲ့ အတူ သွားပြီး ၀ယ်ကြတယ်။
ငါလည်း လိုက်အလှူခံတာ မာလာ (ကျွန်တော့်ခယ်မ) က သူ့ဆိုင်ကျန် ဂျင်းဘောင်းဘီ အထည် ၆၀ လောက် နဲ့ ဦးထုပ်တွေ။ ကိုနွဲ့ဝင်း အမျိုးသမီးဆီကလည်း ကလေးဝတ် အဟောင်းတွေ သွားသယ်တယ်။ သမီးကိုအိမ်လာ စာသင်ပေးတဲ့ ဖော့ကန်က ဆရာမ ကလည်း သူ့အမျိုးတွေဆီက စုဆောင်းပြီး သယ်လာတာ ပီနံအိတ်နဲ့ ၆ လုံး။ အောင်မယ်၊ အဟောင်းဆိုပေမဲ့ တော်တော်လေးကို သစ်သေးတာဟဲ့။ နောက် ငါတို့ အိမ်နီးနားချင်း တွေကလည်း ထပ်ပေးကြသေးတယ်။
ကိုသန်းအောင် (ကျွန်တော်တို့နှင့် အလွန်ရင်းနှီးသူ၊ စနေဓမ္မ မိတ်ဆွေများ ၏ အလှူ ကိစ္စများတွင် လိုက်ပါ ဆောင်ရွက်ပေးနေသူ) ကလည်း ရေသန့်ဗူး ဒါဇင် ၃၀ လှူတယ်။ အလှူပစ္စည်းတွေ ဆိုတာ အိမ်နဲ့ အပြည့်ပဲဟေ့။ တချို့ကလည်း ကိုယ်တတ်နိုင် သလောက် ထဘီတို့၊ ပုဆိုးတို့၊ ခေါက်ဆွဲခြောက်တို့ ၀ယ် လှူကြတယ်။ ကားထွက်ခါနီး ထိကို လာပေးကြတုန်း။
ငါတို့ကတော့ ဟိုရောက်ရင် ဝေရတာ လွယ်အောင် ပုဆိုးနဲ့ ယောက်ျားဝတ် အင်္ကျီ၊ လုံချည်နဲ့ မိန်းမ၀တ် အင်္ကျီ တွဲ။ ကလေးဝတ် တွေကို သပ်သပ် စသဖြင့် ကြွပ်ကြွပ်ကြိုး နဲ့ အတွဲလိုက် ချည်ပြီး အိတ်ထဲထည့် လုပ်ကြတယ်။ ကလေးတွေရော တစ်အိမ်သားလုံး ၀ိုင်းလုပ်ကြတာပေါ့။ မမျိုးတို့က ကားတစ်ခေါက် သပ်သပ်လွှတ်ပြီး ပစ္စည်းတွေကို အရင် သယ်တယ်။ သူတို့အိမ်ရောက်မှ သွားမဲ့ကားပေါ် ပြောင်းတင်ပေါ့။ စုစုပေါင်း ပစ္စည်းတင် တဲ့ ဒိုင်နာက ၂ စီး။ လူစီးဘို့လို့ မီနီဘတ်စ်က တစ်စီး ငှားတယ်။ လူစီးဘို့ ဆိုပေမဲ့ ပစ္စည်းပါ အပြည့် တင်ကြတယ်။ အပေါ်တွေမှာရော ထိုင်ခုံတွေ အောက်မှာပါ ပေါ့။
ပစ္စည်းတင်တဲ့ ဒိုင်နာ ၂ စီးက မနက် ၁၀ နာရီလောက် ကတည်းက သွားနှင့်ကြပြီ တဲ့။ ငါတို့ လူစီးတဲ့ကားက မေလ ၁၈ ရက်နေ့ ညနေ ၃ နာရီမှာ စထွက်တယ်။ ငါရယ်၊ မြတ်ထားရယ်၊ သမီးတို့ ကျူရှင် ဆရာမရယ်၊ မြတ်ထား သူငယ်ချင်းရယ်၊ ပေါင်း ၄ ယောက်။ မမျိုးတို့ဆီ သွားစီးကြတယ်။ ယေက်ျားတွေကတော့ တချို့ ဒိုင်နာနဲ့ လိုက်တဲ့ သူက လိုက်၊ ဒို့ စီးတဲ့ကားပေါ်မှာ မတ်တပ်ရပ် လိုက်တဲ့သူတွေက လိုက် ပေါ့။ စုစုပေါင်း လူ ၄၀ ကျော်တယ်။ မင်္ဂလာဈေးက လူတွေလည်း အရမ်း လှူကြတာပဲ ဟေ့။ မမျိုးက ပြောတယ်။ လူတစ်ယောက် က ပုဆိုး အထည် ၃၀၀ လာလှူတာ ကားမဆန့်တော့လို့ ထားခဲ့ရတယ် တဲ့။ နောက်တစ်ခေါက်မှ သယ်ရမှာပေါ့။
ညောင်တုန်းမှာ ညနေစာ စားကြတယ်။ အဲဒီမှာ ဟိုက ပြန်လာတဲ့ ကျော်သူတို့ အဖွဲ့နဲ့ တွေ့တယ်။ သူတို့က ဟိုအရင်ကတည်းက သွားလှူနေကြတာ။ အဲဒါနဲ့ မြောင်းမြကို ရောက်တော့ ည ၉ နာရီ ခွဲနေပြီ။ ဟို တစ်ခေါက်သွားတုံးက ရန်ကုန် - မြောင်းမြ လမ်းက ကြမ်းလို့ အပြန်ကျ ပုသိမ်ဘက်ကနေ လှည့်ပြန်တာ။ အဲဒီလမ်းက ဝေးပေမဲ့ လမ်းကောင်းတယ်။ ၂ နာရီတော့ ပိုမောင်းရတယ်။ ခုလဲ အဲဒီလမ်းကနေပဲ သွားကြတာ။
မြောင်းမြ ရောက်တော့ အင်းဝ လေဆေးတိုက်မှာ တည်းကြတယ်။ အဲဒီက လူတွေက အိပ်ဖို့၊ စားဖို့ အကုန် အဆင်သင့် လုပ်ထားကြတယ်။
ဒို့လည်း ရောက်တော့ ရေမိုးချိုးကြပြီး ည နာရီပြန် ၁ ချက်တီးနေပြီမို့ အိပ်လိုက်ကြတယ်။ သူတို့အိမ်သူ အိမ်သားတွေကတော့ ဒို့ မနက်စာ စားဘို့လို့ တစ်ည လုံး မုန့်ဟင်းခါး ချက်ကြတယ်။ လူ ၄၀ စာ ဆိုတော့လည်း သိပ် မနည်းလှပေဘူး ပေါ့။ ငါတို့လည်း ခဏအိပ်ပြီး မနက် ၃ နာရီမှာပြန်ထ။ အဲဒီမှာ ပေါင်မုံ့က အလုံးတစ်သောင်း မှာထားတာ ဆိုတော့ ပေါင်မုံ့တင်ဘို့ ကားတစ်စီးကို ကိုးသောင်းနဲ့ ထပ်ငှားရတယ်။ လပွတ္တာရောက်တော့ မနက် ကိုးနာရီခွဲနေပြီ။ ရောက်ရောက်ချင်းပဲ စခန်း ဘယ်နှခု ရှိသလဲ မေး။ ပြီးတော့ စခန်းတွေအတွက် ပစ္စည်းတွေ ခွဲ ဝေ လုပ်ကြတယ်။ ပုဆိုး၊ အင်္ကျီ၊ အဟောင်း၊ အသစ်၊ ပန်းကန်၊ မုံ့၊ ရေခွက်၊ ရေပုံး၊ အစုံပေါ့။ ပြောတော့သာ လွယ်တာဟဲ့။ ရောက်ရောက်ချင်း ပစ္စည်းတွေ ကားပေါ်က ချနေရတာတင် တော်တော် ကြာတယ်။
နောက် အဖွဲ့ နှစ်ဖွဲ့ခွဲပြီး ထွက်ကြတယ်။ တချို့စခန်းတွေက အရမ်းကျဉ်းတယ်။ ဒီကြားထဲ မိုးကလဲ ရွာနေသေးတော့ လုပ်ရတာ အတော့်ကို မလွယ်ဘူး။ နေရာကျယ်တဲ့ စခန်းတွေ မှာတော့ တစ်ယောက်စီ ဝေလို့ရတယ်။ တချို့ကျတော့လည်း အိမ်ထောင်စု စာရင်းနဲ့ ပေးရတယ်။ တချို့စခန်းတွေကျတော့ ၀ါးတွေနဲ့ တန်းထိုးထားပြီး ယောက်ျား၊ မိန်းမ သပ်သပ်စီ စီခိုင်းထားတယ်။ ပစ္စည်းဝေတဲ့အခါကျ အရမ်းအဆင်ပြေသွား တာပေါ့။ အဲဒီ စခန်းမျိုးဆို တစ်နာရီလောက်နဲ့ ပြီးတယ်။ ကားပေါ်ကနေ ဝေလိုက်ရုံပဲ။ ဝေပေမဲ့ ပစ္စည်းက အရမ်းများတော့ အကုန်မဝေနိုင်ဘူး။
ဒို့တွေလဲ ထမင်းကဆာ၊ အိပ်ရေးကပျက်၊ နားချိန်ကလည်း မရ ဆိုတော့ တော်တော့်ကို ပင်ပန်းတယ် ဟေ့။ ပစ္စည်းတွေထားတဲ့ဆီ ပြန်ရောက်တော့ ၁ နာရီခွဲနေပြီ။ ရောက် ရောက်ချင်း ထမင်းစား။ အဲဒီမှာ မိုးကလဲ တအားရွာ၊ လေကလဲ တအားတိုက်။ အိမ်ထဲ ကို ရေတွေ ၀င်ကုန်တယ်။ ဆိုတော့ ပစ္စည်းတွေကို ရေလွတ်ရာ ပြန်ရွှေ့နဲ့ အတော့်ကို ဒုက္ခများတယ်ဟေ့။ မိုးတွေရွာ လေတွေတိုက်တော့ သုံးနှစ်လောက် ကလေး တစ်ယောက် လန့်ပြီး တအား အော်ငိုတော့တာကိုး။ အရင် မုန်တိုင်းတိုက်တုံးက လန့်နေတာကိုး။
နောက်ပြီး ၂ နာရီကျော်လောက် တစ်ခေါက် ပြန်ထွက်ကြ ပြန်တယ်။ ဒီတစ်ခေါက်တော့ ၂ နေရာပဲ ဝေနိုင်တော့တယ်။ မိုးတွေက တအားရွာနေတော့ တစ်ယောက်ချင်း ဝေဘို့ မဖြစ်နိုင်တော့ဘူး။ အထုပ်လိုက်ပဲ ဘုန်းကြီးကျောင်းမှာ အပ်ခဲ့ရတော့တယ်။
အဲဒီမှာ နောက်ပြီး အစိုးရက ပေးတာတဲ့။ တွေ့ခဲ့ရသေးတယ်။ သိတယ် မဟုတ်လား။ အဖြစ်ပေါ့ဟာ။ စခန်းမှာ လူ ၁၆၀၀ လောက် ရှိရင် အဲဒီလိုအိမ်မျိုး ၁၀ လုံးလောက် ဆောက်ပေး ထားတယ်။ အဲဒီတဲတွေမှာ အပေါ်ကတော့ အမိုးရှိပါရဲ့။ အောက်မှာက မြေကြီး။ ရေက ခြေဆစ်မြုပ်တယ်။ လူတွေကတော့ အုတ်ခဲတွေခုပြီး ငုတ်တုတ် ထိုင်နေ ကြရတယ်။
တချို့တွေကျတော့ ဘုန်းကြီးကျောင်းတွေထဲမှာ၊ နတ်လမ်းတွေမှာ။ နတ်လမ်းထဲမှာ နေဘို့နေရာမရှိတော့ နတ်လမ်းဘေး တစ်ဘက်တစ်ချက်မှာ သွပ်ပြားစုတ်တွေ မိုးပြီး အုတ်ခဲတွေ ခေါင်းအုံး အိပ်နေကြရတယ်။ ပထမ တစ်ခေါက် မြောင်းမြ သွားတုံးက အဲဒီကစခန်းတွေ ဆိုးသလား အောက်မေ့တယ်။ အယ်မယ်လေး၊ လပွတ္တာက ပိုဆိုး။ တစ်မြို့လုံးလည်း ရစရာမရှိဘူး။ အိမ်တွေဆိုတာ ငါတို့တော့ ကောင်းတဲ့အိမ်ဆိုလို့ တစ်အိမ်မှ မတွေ့ခဲ့ရဘူး။ လူတွေဆိုတာလဲ စခန်းက လူတွေရော၊ တခြားက ဘယ်က လူတွေမှန်း မသိပါဘူး ဟယ်။ အောတိုက် ကရောပဲ။ လမ်းတွေပေါ်မှာ လျှောက်သွား နေကြတာ။ (မှတ်ချက်၊ အောတိုက် ဆိုတာ လူတွေ အလွန့်အလွန် များနေတာကို ကျွန်တော်တို့ဘက်က သုံးနှုံးတာ ဖြစ်ပါ၏)
အပျက်အစီး၊ အကျိုးအပဲ့၊ အစုတ်အပြတ် တွေကြားမှာ လူတွေလျှောက်သွား နေကြတာ။ လမ်းတိုင်းလမ်းတိုင်း လူတွေနဲ့ ပြည့်နေတာပဲ။ ဖြစ်ချင်စရာကို မရှိဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် ဘယ်လိုနေရမှန်း မသိတော့ သေတဲ့သူတွေ အတွက်လည်း သိပ်ပြီး ပူဆွေး ၀မ်းနည်း မနေအားကြဘူးနဲ့ တူပါတယ်။ တချို့ကျတော့လဲ ကိုယ့်နာမည် ခေါ်တာတောင် ခေါ်မှန်းမသိ။ ကြောင်တောင်တောင်တွေ ဖြစ်နေကြတယ်။ ကိုယ့်ရွာ နာမည် မေ့နေတဲ့ သူတွေနဲ့။ တစ်အိမ်လုံးမှ တစ်ယောက်ပဲ ကျန်ခဲ့တဲ့ သူတွေနဲ့။ အစုံပဲ။ ကိုယ့်မိသားစု အားလုံး သေကုန်ကြတော့ စိတ်တွေ ဂယောင် ချောက်ခြား ဖြစ်ကုန်တာ နဲ့ တူပါတယ်။ ဘေးကလူတွေ ပြောပြမှ သူ့အကြောင်း သိရတာ။
နောက်တစ်ခေါက် ဝေပြီးလို့ စုရပ်ပြန်ရောက်တော့ ညနေ ၄ နာရီခွဲနေပြီ။ ဒို့လည်း အချိန် မရတော့တာနဲ့ လူ ၈၀၀၀ ရှိတယ်ဆိုတဲ့ လေးထပ် ကျောင်းကိုပဲ ကျန်တာတွေ ဝေပေးကြပါ လို့ အဲဒီက ဒေသခံတွေကို ပစ္စည်းတွေ အပ်ခဲ့ရတယ်။
အဲဒီက မြို့ခံတွေ လည်း တော်တော့်ကို လုပ်ကြရတယ်။ မုန်တိုင်းလဲ တိုက်ပြီးရော လပွတ္တာမြို့နယ်ထဲက ရွာပေါင်း ၂၃၀ က လူတွေ၊ အကုန် လပွတ္တာကို တက်လာကြတာ။ အဲဒီလူတွေ တက်လာတော့ တော်ကြာ လုတာ ယက်တာတွေ ဖြစ်မှာစိုးလို့ သူတို့ကို ထမင်းချက်တန် ချက်ကျွေး၊ ဆန်ပြုတ်တိုက်တန် တိုက် စသဖြင့် လုပ်ကြရတယ်။ အဲဒီက လူတွေလဲ ခုထိ စီးပွားရေးပြန်လုပ်ဖို့ ဘယ်က စရမှန်းကို မသိသေးဘူး ဖြစ်နေ တယ်တဲ့။ ဈေးသည်တွေလည်း တစ်လလောက် ကြာရင်တောင် ပြန်ရောင်းရပါ့မလား လို့ ငြီးနေကြတယ်။
သူတို့က မြစ်ထဲမှာ ခုထိ လူသေတွေ ရှိနေသေးတယ်။ ကြည့်ချင်ရင် စက်လှေနဲ့ လိုက်ပြမယ် လို့ပြောတယ်။ ဒို့လဲ အချိန်က မရ၊ အားကလည်း မအားတာနဲ့ သွားမကြည့် ဖြစ်တော့ဘူး။
လပွတ္တာက ပြန်ထွက်လာတော့ ညနေ ၅ နာရီခွဲနေပြီ။ မြောင်းမြကို ည ၉ နာရီခွဲ လောက် ရောက်တယ်။ အဲဒီမှာပဲ ထမင်း စားကြတယ်။ မြောင်းမြကနေ ည ၁၀ နာရီခွဲ ပြန်ထွက်လာတာ ရန်ကုန်ကို ၃ နာရီ ကျော်လောက် ရောက်ကြတယ်။ ငါ အိမ်ပြန် ရောက်တော့ မနက် လင်းအားကြီး ၄ နာရီတောင် ခွဲနေပြီ။

No comments:
Post a Comment