မြောင်းမြသို့ သွားရောက်လှူဒါန်းခြင်း
“အမှန်ဆို မြောင်းမြက လေဘေးဒါဏ် မခံရဘူးဗျ။ ဘိုကလေးဘက်က တက်လာတဲ့ ဒုက္ခသည် တွေ။ သူတို့ရောက်လာ တော့လဲ ကျွန်တော်တို့မြို့ခံတွေက ကိုယ်တတ်နိုင်သလောက် ချက်ပြုတ် ကျွေးမွေး ရတာပေါ့ဗျာ။” ဟု မြောင်းမြဒုက္ခသည် စခန်းများတွင် ကြီးကြပ် ဆောင်ရွက် ပေးနေသူ ကိုကြည်လင် ကပြောပြပါသည်။
မမ၏မှတ်တမ်းများကို ဖတ်ကြည့်ပါ။ ခပ်ကျဉ်းကျဉ်းရေးထားပါ၏။
စနေဓမ္မမိတ်ဆွေများအဖွဲ့က မုန်တိုင်းဒုက္ခသည်တွေအတွက် အလှူငွေ ၁၅ သိန်းပို့လိုက်မယ် လို့ နင် မမျိုးမျိုးတို့ဆီ ဖုံးဆက်ထားတာ သိရတယ်။ မမျိုးမျိုး ငါ့ဆီဖုံးဆက်တယ်။ ဒါပေမဲ့ အချိန်မရှိ တော့လို့ အဲဒီကပို့မဲ့ ပိုက်ဆံကို စောင့်မနေတော့ပဲ သူပဲစိုက်ထားပြီး နင်မှာလိုက်တဲ့ပစ္စည်းတွေ လိုက်ဝယ် နေတယ် လို့ပြောတယ်။ စုစုပေါင်း ၉၉၆၀၀၀ ဘိုး စတီး ပန်းကန်၊ စတီးဇလုံ၊ စတီးဇွန်း စတာတွေ ၀ယ်ထားတယ်တဲ့။ ဘီစကွတ်တို့ ချိုချဉ်တို့လဲ ပါတာပေါ့။ အစ်မလိုက်ချင်ရင် နက်ဖြန် မနက် ၃ နာရီသွားကြမယ် လို့ပြောတော့ ငါလဲ လိုက်မယ်ဆိုပြီး အနီးအနားက အ၀တ်ဟောင်းတွေ လိုက် အလှူခံ တာ စုစုပေါင်း ပီနံအိတ်နဲ့ ၇ လုံး ရတယ်။
၁၂-၀၅-၀၈ နေ့ မနက် ၄ နာရီမှာ ကားစထွက်တယ်။ ခဏနေတော့ နင်ဖုံးဆက်ပြီး နောက်ထပ် အလှူငွေ ၁၅ သိန်းရတယ်။ အဲဒါ ကိုနွယ်ဝင်း အမျိုးသမီးဆီမှာ သွားယူဘို့ ပြောတယ်။ မမျိုးက အချိန်မရတော့လို့ ၀င်ယူမနေတော့ဘူး။ တကယ်လို့ လိုတယ်ဆိုရင် မြောင်းမြက သူ့အမျိုးတွေ ဆီမှာ ခဏ ယူသုံးထားပြီး တော်တာကြည့်လှူမယ် ပြောတယ်။ ပထမ ၁၅ သိန်းကလဲ ၅ သိန်းကျော် ကျန်သေးတာကိုး။ အဲဒါနဲ့ပေါင်းလှူလို့ ရတာပေါ့။ ဒါနဲ့ ငါတို့လဲ ဘယ်မှ မ၀င်တော့ပဲ မြောင်းမြ ကို ဆက်ထွက်ခဲ့ကြတယ်။
မနက် ၇ နာရီခွဲ ညောင်တုံးကိုရောက်တော့ မနက်စာစားကြတယ်။ မြောင်းမြကို ၁၁ နာရီခွဲ လောက်မှ ရောက်တယ်။ လမ်းကလည်း ကြမ်းလိုက်တာ မပြောပါနဲ့တော့။ ရောက်တော့ သူတို့ မြို့ခံတွေနဲ့ အရင်ဆွေးနွေးရတာပေါ့။ ဒုက္ခသည် စခန်း ပေါင်း ဘယ်လောက်ရှိတယ်။ ဘယ်စခန်းတွေကတော့ အလှူရှင်တွေ အရောက်များတယ်။ ဘယ်စခန်းတွေကတော့ သိပ် အလှူရှင်မရှိဘူး။ ဘယ်စခန်းကို အရင်လှူမယ်။ နောက် ဘယ်စခန်း ဘယ်စခန်းတွေ သွား လှူကြမယ် စသဖြင့်ပေါ့။ သူတို့ က သေသေချာချာသိတော့ သူတို့ပါလိုက်ခဲ့ကြတယ်။
ပထမဆုံး သွားတာက စခန်းအမှတ် ၂၄ တဲ့။ အဲဒီမှာက တခြားစခန်းတွေမှာ မဆန့်တော့လို့ နောက်ထပ်ရောက် လာတဲ့ လူအကုန်လုံး ဒီမှာ လာထားတာလို့ ပြောတယ်။ တို့ရောက်သွားတော့ ဒိုင်နာကား တစ်စီးနဲ့ အပြည့် နောက်ထပ် လူတွေ ထပ်ရောက်လာတာ စခန်းအ၀င်ဝမှာ တွေ့ခဲ့ ရတယ်။
စခန်းက အရင် လျှော်ရွေး လျှော်ထုပ်စက်ရုံ ဂိုဒေါင်အဟောင်း ၂ ခုကို စခန်းလုပ်ထားတာ။ အဲဒီ ဂိုဒေါင် ၂ ခုထဲမှာ သူတို့ စာရင်းအရ လူပေါင်း ၄၅၀၀ ကျော်လောက် ရှိတယ်။ အဲဒီစခန်းက မြို့ပြင်မှာဆိုတော့ အလှူရှင်တွေ လာတဲ့အခါ သိပ်မရောက်ဘူးလို့ ပြောတယ်။
ဒို့ရောက်သွားတော့ ကန်ကြီးဒေါင့် (ပုသိမ်ဘက်မှ)က ထမင်းထုပ်တွေ လာဝေနေတာ တွေ့တယ်။ သူတို့ပြီးအောင် စောင့်ပြီး သူတို့ပြီးတော့ အားလုံးကို တန်းစီထိုင်ခိုင်း၊ ပစ္စည်းတွေ လျှောက်ဝေတယ် ပေါ့။ နောက်တစ်ခါ ကျတော့ လူတွေအကုန်လုံးကို ဂိုဒေါင်အပြင်ထွက်ခိုင်း၊ ၀င်ပေါက်တံခါး ကို လူတစ်ကိုယ်စာပဲ ဖွင့်ထားပြီး ၀င်ပေါက်ကနေ စောင့်ဝေတယ်။ ရပြီးတဲ့လူတွေ အထဲရောက်သွားပြီး ပြန်ထွက်လို့ မရတော့ မရှုပ် တော့ဘူး။ မရတဲ့သူလည်း မရှိ။ နှစ်ခါပြန် ယူတဲ့သူလည်း မရှိ ဆိုတော့ တော်တော် အဆင်ပြေတယ်။ မမျိုးမျိုးတို့ ကြော်လာတဲ့ ငါးပိကြော်နဲ့ ငံပြာရည်ကြော်တွေတော့ သူတို့ ထမင်းစားပြီးသွားတာနဲ့ ဝေဘို့ အဲဒီမှာအပ်ခဲ့တယ်။
နောက် ဂိုဒေါင်တစ်လုံးကျတော့ အတန်းလိုက် ဝေတယ်။ သူတို့က နဂိုကတဲက အတန်းလိုက် ထိုင်နေ ကြတာဆိုတော့ ဝေရတာ အဆင်ပြေတယ်။ ပထမ ကလေးတွေကို မုံ့တွေဝေတယ်။ ဝေလို့မပြီးသေး ခင်မှာပဲ နောက်ထပ်ဒုက္ခသည်တွေ ထပ်ရောက်လာကြသေးတယ်။ စာရင်းတော့ အတိအကျ မရသေး ဘူး လို့ပြောတယ်။ သူတို့ကိုတော့ ထမင်းချက်ကျွေးနေတာ တွေ့ခဲ့တယ်။ ဟင်းကတော့ ချဉ်ဟင်းလိုမျိုး ဟင်းတွေပဲ။ ထမင်းကို အထုပ်လိုက် စားကြရတယ်။ ပန်းကန်မရှိ ကြဘူး။ အဲဒီမှာ ဒို့ဝေလိုက်တဲ့ ပန်းကန်တွေ ရသွားတော့ စားရသောက်ရ တော်တော် အဆင်ပြေသွားတာ တွေ့ရတယ်။
မင်္ဂလာဈေးက လူတွေကလည်း အစုံလှူကြတာပဲဟေ့။ ပုဆိုး၊ ထဘီ၊ ဘော်လီ၊ မိန်းမ၀တ်အင်္ကျီ၊ တီရှပ်၊ ကလေးဝတ် စသဖြင့်ပေါ့။ ဒိုင်နာတစ်စီး၊ ဟိုင်းလတ်တစ်စီး ဆိုတော့ အများကြီးပဲ။ အဲဒီမှာ မိန်းမ နဲ့ ကလေးများတယ်။ သေကုန်ကြတာတဲ့။ ယောက်ျားတွေ များတယ်။ ပုဆိုးကနည်းနေ တော့ လူမစေ့ခဲ့ဘူး။
အဲဒီစခန်းပြီးတော့ နောက်စခန်းတွေ လိုက်ဝေကြတယ်။ အဲဒီစခန်းတွေကျတော့ လူသိပ်မများ တော့ ဘူး။ တချို့စခန်းမှာ ၃၅ ယောက်လောက်။ တချို့စခန်းကျတော့ ၅၀။ တချို့ ၁၅၀။ တချို့ ၆၀၀။ တချို့ ၁၅၀၀။ အစုံဘဲ။ ဒို့တော့ နောက်ထပ် စခန်း ၄ ခုသွားပြီး ညနေ ၅ နာရီခွဲနေပြီမို့ ကျန်တာတွေကို အဲဒီ မှာပဲ အပ်ခဲ့ရတယ်။ ဝေဘို့ အချိန်မရှိတော့ဘူး။ နောက်တော့ အဆာပြေ စားကြ သောက်ကြပြီး ပြန်ခဲ့ ကြတယ်။ ရန်ကုန်ကို ည သန်းခေါင် ၁၂ နာရီ ကျော်လောက် ပြန်ရောက်ကြတယ်။
အဲဒီမှာ ကျော်သူတို့အဖွဲ့ လာလှူနေတာလည်း တွေ့ခဲ့ရတယ်။ သူတို့ကတော့ ရက်ကြာကြာ နေပြီး လှူ တာ။ ဒုက္ခသည်တွေမှာလေ ဆားငန်ရေတွေထိပြီး မီးအပူလောင်သလို အသားနီလန်နေတာ တွေ။ သစ်ပင်ပေါ် ဖက်တက်ရလို့ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်နေတာတွေ။ သစ်ပင်ပိပြီး ခြေထောက်ကွဲ သွားတာတွေ စသဖြင့် ဒါဏ်ရာ မျိုးစုံ တွေ့ရတယ်။ ဖျားတဲ့နာတဲ့ သူတွေတော့ ဆေးရုံပို့တယ် တဲ့။
အဖိုးကြီး အဖွားကြီးတွေကို တစ်ယောက် ၁၀၀၀ မျိုး ၂၀၀၀ မျိုး၊ ငါတို့ သပ်သပ် ထပ်ပေးခဲ့ ကြသေး တယ်။
အဲဒီမှာ လပွတ္တာဆန်စက်မှာ သွား အလုပ်လုပ်နေတဲ့ လူ တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူပြောတာ တော့ သူရို့ဆန်စက်မှာ အားလုံး ၂၆ ယောက်ရှိတာ ၂၃ ယောက် သေသွားတယ်တဲ့။ ဆန်စက်လဲ အကုန်ပါသွားတာ ဗွိုင်လာပဲ ကျန်ခဲ့တော့တယ် လို့ ပြောတယ်။
ငါ မှတ်မိသရွေ့တော့ အဲဒါ အကုန်ပဲဟေ့။ ပြောရရင်တော့ အများကြီးပေါ့။ ဒါပေမဲ့ အသေးစိတ်တော့ ငါလဲ မပြောပြတတ်ဘူး။
(ကျွန်မတို့ကားလဲဆိုက်ရော ကားပေါ်ကို စစ်ဘောင်းဘီ ၀တ်ထားပြီး စွပ်ကျယ်လက်ပြတ်နဲ့ လူတစ် ယောက် တက်လာတယ်။ ပါးစပ်ကလဲ အရက်နံ့တထောင်းထောင်းထလို့။ အဲဒါနဲ့ ကျွန်မက အဲဒါ ဘယ်ကလူလဲ။ ဘာလုပ်တာလဲ လို့မေးတော့ ဘေးကလူတွေက စစ်သား လို့ ပြောတယ်။ ကျွန်မက စစ်သားဆိုရင် ကျွန်မတို့ ကားပေါ်က ခုဆင်းပါ လို့ပြောလိုက်တယ်။ သူက ဟိုလူယူ ဒီလူယူ ဖြစ်မှာစိုး လို့ လုပ်ပေးတာပါ လို့ပြောတယ်။ ကျွန်မတို့ ဒီလူတွေကို ပေးရအောင်လာတာ။ သူတို့ယူချင်တယ်ဆို ယူစမ်းပါစေ။ ခု ကားပေါ်က ဆင်းပါ လို့ ပြောတော့ အဲဒီလူက ခင်ဗျားက ဘယ်သူလဲ လို့မေးတယ်။ ကျွန်မပြန်မဖြေခင် ဘေးကနေပြီး သူက အလှူရှင် လို့ပြောလိုက်တော့ အဲဒီစစ်သား မကျေမနပ်နဲ့ ဆင်း သွားပြီး သူ့အရာရှိလို့ ယူဆရတဲ့လူဆီ သွားပြောတယ်။ ဟိုက ဘာပြန်ပြောလိုက်သလဲ မသိဘူး။ သူတို့ မကျေမနပ်နဲ့ နောက်ဆုတ်သွားတယ်။ ဘေးကလူတွေလဲ ကျွန်မအဲဒီလို ပြောလွှတ်လိုက်တာကို အတော် ၀မ်းသာအားရ ဖြစ်နေကြတယ်။ သူတို့မှာ တောက်လျှောက် အနိုင်ကျင့်ခံလာရတာ။ ဒီတစ်ခါ မှ ဒင်းတို့ကို နိုင်မဲ့သူပေါ်တော့တယ် လို့ - ဟု ကျွန်တော်ဖုံးဆက်တော့ မမျိုးမျိုးက ပြန်ပြောပြပါသည်။
ဤ အတွက်လည်း မမျိုးမျိုးကို ကျွန်တော် အလွန် ကျေးဇူးတင်ပါ၏။)

No comments:
Post a Comment