Friday, June 13, 2008

Nargis Story part2

မုန်တိုင်း ဒုက္ခသည်များအား သွားရောက်လှူဒါန်းခြင်း
ညနေပိုင်းတွင် ကိုဌေးဝင်းနိုင် ဖုံးဆက်လာပါ၏။ ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့၏ ပင်တိုင်အလှူရှင် မလွင်လွင်မိုး ရန်ကုန်ကို လာမည့် စနေနေ့ပြန်မည်။ ထိုဒေသများသို့ သွားမည် သိရသည်ဆို၏။ အကယ်၍ သူသွားမည် ဆိုလျှင် သူ့ကိုပဲ တပါတည်း ပေါင်းလုပ်ခိုင်း လိုက်ပြီး ကိုဌေးဝင်းနိုင်အနေနှင့်မူ နောက်အခေါက်များ သွားပေးမည်ဆို၏။ အလွန်ကောင်းသော အကြံပါတည်း။ သို့နှင့် ကျွန်တော် မလွင်လွင်မိုးကို ဖုံးဆက်ပြီး အကျိုး အကြောင်းမေးပါသည်။
သူက သူ စနေနေ့ပြန်မည့်အကြောင်း၊ သူ့ညီမ မမျိုးမျိုးတို့ နက်ဖြန် မြောင်းမြ သွားကြမည်ဆိုကာ မမျိုးမျိုး၏ ဆိုင် ဖုံးနံပါတ်၊ ဟန်းဖုံးနံပါတ် များကို လည်းကောင်း။ မြောင်းမြ ဒုက္ခသည်စခန်း များအတွက် လုပ်ကိုင်ပေးနေသူ မြောင်းမြမှ ကိုကြည်လင် ဖုံးနံပါတ်ကို လည်းကောင်း ပေးပါသည်။
ထိုအခါ ကျွန်တော်လည်း အချိန်ဆိုင်းမနေတော့ပဲ မြောင်းမြမှ ကိုကြည်လင့်ထံ ဖုံးဆက်ကာ ဒုက္ခသည်များ၏ အခြေအနေကိုလည်းကောင်း၊ သူတို့ အဓိက ဘာတွေလိုနေသလဲ ဆိုသည်ကို လည်းကောင်း မေးပါသည်။ ကိုကြည်လင်က -
“ ဒီမှာ ဒုက္ခသည်စခန်းစုစုပေါင်း ၃၀ လောက်မှာ ဒုက္ခသည်ပေါင်း လေးသောင်း လောက်ရှိတယ်။ စားဘို့သောက်ဖို့ ဆန်ကတော့ အစိုးရကထုတ်ပေးလို့ ရှိသေးတယ်။ အဓိက လိုနေတာက ယောက်ျားတွေအတွက် ပုဆိုးတွေလိုတယ်။ ကလေးနဲ့ မိန်းမတွေ တော်တော် များများ သေကုန် ကြတော့ ကျန်ခဲ့တဲ့သူတွေမှာ ယောက်ျားတွေ ပိုများတယ်။ သူတို့က မုန်တိုင်းအတွင်း အသက် မသေအောင် မနည်းရုန်းကန်လာခဲ့ရတာဆိုတော့ အ၀တ်တွေမပါ လာဘူး။ ဒီတော့ သူတို့အတွက် ပုဆိုးတွေ အများကြီးလိုတယ်။ နောက်ပြီး ထမင်း စားစရာ ပန်းကန်တွေမရှိဘူး။ ဒီတော့ အဓိကလိုတာက ပုဆိုးတွေရယ်၊ ပန်းကန်တွေ၊ ဟင်းစောက်ပန်းကန်တွေ၊ဇွန်းတွေ ရယ်။ ဓါတ်ဆား ထုပ်တွေရယ် လိုတယ်။”
သည်တော့ ကျွန်တော် မမျိုးကို ဖုံးဆက်ပြီး ကျွန်တော့်တွင် ပိုက်ဆံ ၁၅ သိန်းရှိကြောင်း၊ သို့သော် ပို့ရန်မှာ အချိန် မမီတော့သဖြင့် မမျိုးတို့ပဲ စိုက်ဝယ်ထားလိုက်ပါမည့်အကြောင်း၊ ပန်းကန် ၂၀၀၀၊ ဇွန်း ၂၀၀၀၊ ဟင်းပန်းကန် ၂၀၀၀ ၀ယ်ပြီး ပိုတာကို ပုဆိုးတွေအားလုံးဝယ်သွားရန် မှာပါသည်။ သို့သော် ကျွန်တော်တို့တွင် ရှိသောပိုက်ဆံလောက်နှင့် ဤမျှမရနိုင် မှန်း နောက်မှသိရပါ၏။
ကျွန်တော်တို့အိမ်မှ ဖုံးမှာမကောင်းသေးသဖြင့် မမထံဖုံးဆက်၍ မရပါ။ သို့နှင့် မမျိုးကိုပဲ မေတ္တာရပ်ခံပြီး အားလုံး စီစဉ်ခိုင်းရပါသည်။ ကျွန်တော်ဖုံးဆက်ချိန်မှာ ရန်ကုန်အချိန် ညနေ သုံးနာရီခန့် ရှိနေပြီဖြစ်ရာ အချိန်မရှိတော့သဖြင့် သူလည်း ကျွန်တော်ဖုံးဆက်ပြီးပြီးချင်း ပစ္စည်းများ လိုက်ဝယ်ပါသည်။ ၁၅ သိန်းပဲ ဆိုတော့လည်း သိပ်များများမရနိုင်ပါ။ သူတို့ အချိန်ရသလောက် ဆယ်သန်းဘိုးခန့် ၀ယ်သွားပါသည်။ ပိုသေးသော ပိုက်ဆံ ၅၀၄ ၀၀၀ ကို နောက်တစ်ခေါက် သွားသောအခါ ပစ္စည်းများ ၀ယ်သွား ပါသည်။
မင်္ဂလာဈေးသူဈေးသားများမှာလည်း အားတက်သရော လှူဒါန်းကြပါသည်။ သူတို့က အ၀တ်များ လှူပါသည်။ ပုဆိုးရောင်းသောဆိုင်က ပုဆိုးအထုပ်လိုက်၊ လုံချည်ရောင်းသောဆိုင်က လုံချည်၊ ကလေးအ၀တ်ရောင်းသောဆိုင်က ကလေးအ၀တ်၊ စသည်ဖြင့်။ သူတို့လှူတာ အတော်များ ပါသည်။ ကျွန်တော် အသေးစိတ်ပြန်မရေးပြတော့ပါ။ အောက်ပါ web page တွင် ကြည့်နိုင် ပါသည်။ မူရင်းစာရင်းများကို scan လုပ်ပြီး တင်ထားပါသည်။

မြောင်းမြစာရင်းကို - http://www.scribd.com/doc/3211099/Nargis-donation-receipt3 တွင် လည်းကောင်း
ဖျာပုံစာရင်းကို - http://www.scribd.com/doc/3211091/Nargis-donation-receipt2 တွင် လည်းကောင်း
လပွတ္တာစာရင်းကို - http://www.scribd.com/doc/3211067/Nargis-donation-receipt1 တွင် လည်းကောင်း ကြည့်ရှုနိုင်ပါသည်။ ထို့ပြင် မမျိုးက သူတို့ မင်္ဂလာဈေးသူဈေးသားများထံမှ ကောက်ခံရရှိသော အလှူငွေ သိန်း ၃၀၀ ကို ဆရာတော် အရှင်ဉာဏိဿရထံလှူလိုက်ကြောင်း သိရပါ၏။ ဆရာတော်ကြီး ဘာတွေလုပ်နေသည်ကို သိသော ကျွန်တော့်အနေနှင့် အလွန် ၀မ်း မြောက်ဝမ်းသာ ဖြစ်ရပါသည်။
ထိုနေ့ည မမျိုးထံဖုံးဆက်တော့ သူတို့ ပစ္စည်းများ ၀ယ်ခြမ်းပြီးဖြစ်၍ ကားပေါ် တင်နေ ကြကြောင်း၊ မနက် ၃ နာရီ တွင် ရန်ကုန်မှစတင်ထွက်ခွါမည်ဖြစ်ကြောင်း၊ မမကိုပါ ၀င်ခေါ်သွား မည်ဖြစ်ကြောင်း များ ပြောပြပါသည်။ သူတို့အရမ်း အလုပ်ရှုပ်နေသဖြင့် ကျွန်တော်လည်း မနှောက် ယှက်လို သည်နှင့် ခပ်မြန်မြန်ပြော ခပ်မြန်မြန် စကားဖြတ်လိုက်ပါသည်။ ညရောက်သော် ကိုနွယ်ဝင်းက မသင်းသင်းလှိုင်ထံ ဖုံးဆက်ကြောင်း နှင့် သူပို့ထားသော အလှူငွေ ၁၅ သိန်းကို ကျွန်တော် တို့ထံ လွှဲမည်ဖြစ်ကြောင်း အကြောင်းကြားလာပါ၏။ အချိန်မရှိတော့သဖြင့် ကျွန်တော် ရန်ကုန်ကို ဖုံးမဆက် တော့ပါ။
မနက် အလုပ်လာရင်း မမျိုးထံဖုံးဆက်ရာ သူတို့ခရီးစတင်ထွက်နေပြီဖြစ်ကြောင်းပြောပြီး ဖုံးကို မမထံ ပေးပါ သည်။ ကျွန်တော်က အချိန်မီသေးလျှင် ကိုနွယ်ဝင်း အမျိုးသမီး မသင်းသင်းလှိုင် ထံမှ ငွေ ၁၅ သိန်းကို ၀င်ယူသွားပြီး မြောင်းမြတွင် လိုအပ်ပါက သုံးနိုင်ကြောင်း သတင်းပေး လိုက်ပါ၏။ (အချိန်မရှိတော့၍ ထိုပိုက်ဆံကို မယူတော့ပဲ မြောင်းမြသို့ခရီးဆက်ကာ နောက်အခေါက်တွင်မှ သုံးလိုက်ကြောင်း နောက်မှ သိရပါသည်။)
နေ့ခင်းပိုင်းတွင် မြောင်းမြမှ ကိုကြည်လင့်ထံဖုံးဆက်ကာ မမတို့ ချောချောမောမော ရောက် မရောက် မေးပါသည်။ ကိုကြည်လင်က သူလည်းမျှော်နေကြောင်း၊ သို့သော် ခုထိ မရောက်လာ သေးကြောင်းများ ပြောပါ၏။ နောက်မှ ကျွန်တော် ကိုကြည်လင့်ဖုံးနံပါတ် သူတို့ကို ပေးလိုက်ဖို့ မေ့သွားမှန်း သတိရပါတော့၏။ မမျိုးတို့က မြောင်းမြဇာတိ ဟု မလွင်လွင်မိုး ပြောပြမှ စိတ်အေးရ ပါတော့သည်။
သူတို့လုပ်ပုံကိုင်ပုံများကို စာနှင့်ရေးပြီး ကျွန်တော့်ကိုပေးလိုက်ရန် အစကတည်းက မမကို ကျွန်တော် မှာထား ပါ၏။ မလွင်လွင်မိုး ရန်ကုန်မှ ပြန်လာသောအခါ မမက သူရေးမှတ် ထားသည် များကို ဓါတ်ပုံများနှင့်တကွ ပေးလိုက်ပါ၏။ နှမြောစရာကောင်းသည်မှာ မြောင်းမြတွင် ရိုက်ခဲ့သောဓါတ်ပုံများမှာ ဘာကို ဘယ်လိုမှားနှိပ်မှန်းမသိ၊ ပုံများအားလုံး ပျက်သွားသည် ဟု မင်းကျော်ပြန်လာတော့ ပြောပြ၍ သိရ၏။ ထိုပုံများမှာ အလွန်အဖိုးတန်လှပါသည်။ ထိုပုံမျိုး တွေဆိုတာ ပြန်ရိုက်ချင်လို့ရတာမျိုးမဟုတ်။ သွားသည့်အခိုက်ကလေးသာ ရိုက်လို့ရတာ ဖြစ်ပါသည်။ သို့ဖြင့် မြောင်းမြဓါတ်ပုံများ မပါတော့ပဲ မလွင်လွင်မိုးလိုက်သွားသော ခရီးစဉ်မှ ဓါတ်ပုံများသာ ရပါတော့သည်။
အောက်ပါမှတ်တမ်းများမှာ မမ ရေးပေးလိုက်သော သူတို့ သွားရောက်လှူဒါန်းခဲ့သည့် ခရီးစဉ် မှတ်တမ်းများ ဖြစ်ပါ ၏။ ထိုခရီးစဉ်ကို ကျွန်တော်သာလိုက်သွားခွင့်ရပါက ထိုခရီးသွား ဆောင်းပါး သည် ၀တ္တုရှည်တစ်ပုဒ်စာမျှ ဖြစ်သွားနိုင်ပါ သည်။ ထို့အတွက်လည်း ကျွန်တော့်မှာ အတော် မချင့်မရဲ ဖြစ်မိပါသည်။ သူတို့အနေနှင့်ကတော့ အချိန်ကနည်းပြီး လုပ်စရာတွေက များနေသဖြင့် မှတ်ဖို့ အချိန်မရ၊ ကမန်းကတန်း အပြေးအလွှား လုပ်ခဲ့ရကြောင်း မမက ပြန်ပြောပြပါသည်။

“ဒီကြားထဲ မိုးတွေကရွာနေတော့ လုပ်ရတာ အတော့်ကို အဆင်မပြေဘူး။ နောက်ပြီး နေရာ ကျယ်ရင် တော်သေးတယ်။ တချို့နေရာတွေဆို နေရာကကျဉ်း လူကအရမ်းများတော့ ဝေလို့ ဘယ်လိုမှအဆင်မပြေဘူး။ ဒီတော့ ဒို့လည်း အထုပ် လိုက် အဲဒီကလူကြီးကို ပေးထားခဲ့ရတယ်။ မပေးလို့ကလည်း မဖြစ်တော့ဘူး။ ဝေရင်းဝေရင်း ည ၈ နာရီလောက် ရောက်သွားတော့ ပြန်ဘို့ ကလည်း ရှိသေးတယ်လေ။ တချို့နေရောတွေကျတော့ ၀ါးလုံးတန်းလေးတွေနဲ့ တန်းစီဘို့ လုပ်ပေးထားတော့ ပစ္စည်းဝေရတာ တော်တော်ကို အဆင်ပြေတယ်။
အယ်မယ်လေး။ မင်္ဂလာဈေးက လူအများကြီး ပါလာလို့တော်သေးတာပေါ့။ မဟုတ်ရင် ဒီအထုပ်ကြီးတွေ တင်ဘို့ ချဘို့ဆိုတာ တော်တော့်ကို မလွယ်ဘူးဟေ့။ လမ်းဆိုတာလည်း ကြမ်းလိုက်တာ မပြောပါနဲ့တော့။
မြောင်းမြမှာ ငါတို့ စခန်းတော်တော်များများကို လိုက်ဝေလိုက်နိုင်တယ်။ တချို့စခန်းတွေ ကတော့ လူ ၃-၄၀ ဆယ်လောက်ပဲ ရှိတယ်။ ဂုံလျှော်ဂိုဒေါင် စခန်းမှာတော့ တော်တော်ဆိုးတယ်ဟေ့။ အဲဒီမှာဟယ်၊ ကြီးကြပ်ပြီး လုပ်ကိုင် ပေးမဲ့သူလည်းမရှိဘူး။ စက်ရုံမှုးတစ်ယောက်ထဲ ၀က်လချီး လည်နေတာပဲ။(၀က်လချီး လည်နေတယ် ဆိုတာ ကျွန်တော်တို့ ဘက်မှ အသုံးအနှုံးဖြစ်ပါ၏၊ လက်မလည်နိုင်လောက်အောင် အလုပ်ရှုပ်နေခြင်းကို ခေါ်ပါသည်။) လူတွေဆိုတာလည်း ငါ့စိတ်ထင် ငါးထောင်လောက်ရှိမယ်ထင်တယ်။ လူတွေကလည်း ဝေရတာမလွယ်ဘူးဟဲ့။ ကလေးတွေဆို ရပြီးသား ကလေးတွေက နောက်ထပ်ပြီး ထပ်စီနေလို့ မနည်းကြည့်နေရတယ်။ နို့မို့ပြီးမှာ မဟုတ်ဖူး။
များသောအားဖြင့် ယောက်ျားတွေများတယ်ဟဲ့။ မပြေးနိုင်မလွှားနိုင်နဲ့ မိန်းမနဲ့ ကလေးတွေ တော်တော်များများ သေကုန်ကြတယ်တဲ့။ အဲဒီမှာ ဘယ်လိုလုပ်ရသလဲဆိုတော့ စခန်းထဲက လူတွေကို အားလုံးအပြင်ထွက်ခိုင်းလိုက်ပြီး တံခါးတစ်ချပ်ကိုပဲ လူဝင်သာရုံဖွင့်ပေး ထားလိုက်ပြီး ရပြီးသားလူ အထဲဝင်ဆိုတော့ တော်တော်အဆင်ပြေသွားတယ်။ လူအားလုံးလည်း စေ့သွားတယ်။ ထပ်ပြီး တန်းစီမဲ့သူလည်း မရှိတော့ဘူး။ ပစ္စည်းဝေရ၊ လူတွေကို စီရနဲ့ ဓါတ်ပုံတောင် သိပ်ရိုက်ဘို့ အချိန်မရဘူးဟေ့။ နောက်တစ်ခေါက်သွားရင်တော့ ဓါတ်ပုံရိုက်ဘို့ တစ်ယောက် သပ်သပ် ခေါ်သွားမှ ရမယ်။ နောက်ပြီးတွေ့ကရာလူ ရိုက်ခိုင်းလို့လည်း မဖြစ်သေးဘူး။ အကွက်အကွင်းကျကျလဲ ရိုက်တတ်အုံးမှကိုး။”
နောက်နေ့ ကျွန်တော် ကိုကြည်လင့်ထံဖုံးဆက်မေးတော့ သူတို့ မမတို့ အဖွဲ့နှင့် မဆုံဖြစ် လိုက်မှန်းသိရပါသည်။ လာလှူသောအဖွဲ့တွေကလည်း အတော်များလှသည် ဖြစ်ရာ ဘယ်သူ တွေမှန်း မသိ ဟု ဆိုပါသည်။ သူက စင်ကာပူမှ ဆိုသော အဖွဲ့တစ်ဖွဲ့လာသွားကာ ၃၃သိန်းဘိုး ဘဲဥ အလုံး တစ်သောင်း လှူသွားကြောင်းပြောပြပါသည်။ ကိုင်း - တစ်နပ်စာတော့ ကောင်းကောင်း ဖူလုံသွားတာ ပေါ့ ဟု ကျွန်တော်တွေးနေမိပါသည်။ ဒါတောင် လူ လေးသောင်းနှင့်စာလျှင် လေးပုံ တစ်ပုံမျှသာ ရှိပါသေးသည်။ သောင်းနှင့်ချီနေသော ထိုလူထုကြီး၏ ပါးစပ်ပေါက်ကို တစ်နေ့ထမင်းနှစ်နပ် ဖြည့်ပေးနေဘို့ ဆိုတာ ဘယ်မှာလာ လွယ်ပါလိမ့်မတုံး။

No comments: