နာဂစ် ဒုက္ခသည်များအတွက် အစားအစာ နှင့် အခြားပစ္စည်းများ လှူဒါန်းရန် ဖျာပုံ သို့ သွားရောက်ခြင်း (၂၇-၀၅-၀၈)
အရင် နင်ပို့ထားတဲ့ ၁၅ သိန်း + သိန်း ၇၀ + ကိုနွယ်ဝင်း အမျိုးသမီးဆီက ၁၅ သိန်းက မြောင်းမြ နဲ့ လပွတ္တာကို သွားလှူလိုက်တာ အကုန် ကုန်သွားပြီ။ ဖျာပုံအတွက်က နောက်ထပ်ပို့လိုက်တဲ့ ၁၈ သိန်း ၄ သောင်း ၄ ထောင်ပဲ ကျန်တော့တယ်။
မျိုးမျိုးက အစ်မရေ၊ ဒီတစ်ခါ ငါးနီတူ ကြော်ရအောင် လို့ ပြောတယ်။ ငါလဲ ဘာမှ သိပ် မလုပ်ပေးရ သေးတာနဲ့ ဒါဆို ငါပဲ ကြော်လိုက်မယ် လို့ပြောလိုက်တယ်။ ၃ သိန်းဘိုး ကြော်မယ်တဲ့ ဆိုတော့ ငါတစ် ယောက်ထဲ သီရိမင်္ဂလာဈေးကို သွားပြီး ငါးခြောက်တို့၊ ငြုပ်သီးတို့၊ ကြက်သွန်တို့ သွားဝယ်တယ်။
ကြော်ဘို့နေရာကို ဒေါ်ခင်အေးမူက ထန်းတစ်ပင် ဘုန်းကြီးကျောင်းမှာ ကြော်ပါလား တဲ့။ ဒါနဲ့ ဘုန်းကြီး သွားလျှောက်တော့ လာသာလာခဲ့ ဒါယိကာမကြီး၊ ဒီမှာ မီးဖိုဆောင်လည်း ရှိတယ်။ ထင်းလည်း ရှိတယ်။ ရေလည်း မပူရဘူး။ ကြော်ဘို့လူတွေပါ သူ စီစဉ်ပေးမယ် လို့ပြောတယ်။ အိမ်ပြန်ရောက်တော့ အဖေကြီးက ဆိုဒ်ထဲ (ယခုဆောက်လက်စ ကျွန်တော်တို့ဝယ်ထားသော တိုက်ခန်းပါသည့် တိုက်) သွားကြော်ပါလား။ ငါ ၀င်းဇော်ဦးကို ပြောပြီးပြီ။ အဲဒီမှာ ထင်းလဲမပူရဘူး၊ ရေလည်းပေါတယ် ဆိုတာနဲ့ ငါလဲ အိမ်နဲ့နီးတာကြောင့် အဲဒီ ဆိုဒ်ထဲမှာပဲ ကြော်တော့မယ် ပေါ့။
ဒါနဲ့ ငါလဲ ငါးခြောက်ခေါင်းခြွေဘို့ အနီးအနားကလူတွေကို လိုက်မေးတော့ တစ်ဦးနှစ်ဦးပဲ စိတ်ပါလက် ပါရှိတယ်။ တော်တော်များများက စိတ်မ၀င်စားကြဘူး။ ခဏနေတော့ ဒေါ်ခင်အေးမူ ပေါက်ချလာပြီး ငါ့ကို ပြောတယ်။ “ဟဲ့ - အကျင်၊ ဟိုမှာ ဘုန်းကြီးက မျှော်လို့၊ ရပ်ကွက်ထဲက လူတွေကို ငါးခြောက် ကြော်ဘို့ ပြောထားတယ်။ ဒီ့လောက် အများကြီး ဘယ့်နှယ် တစ်ယောက် နှစ်ယောက်ထဲနဲ့ ပြီးနိုင်ပါ့မလဲ၊ ငါ့ပေးလိုက်” ဆိုပြီး ငါးခြောက် အချိန် ၆၀ ကို သူ့ဟာသူ တက္ကစီငှားပြီး သယ်သွားတယ်။ ဘုန်းကြီးကျောင်းမှာ ခြွေကြတာပေါ့။ ဘုန်းကြီးက လူစုပေး။ ငါးခြောက်တွေလဲ ခေါင်းတွေခြွေပြီးရော ဘုန်းကြီးက လှမ်း ဖုံးဆက်တယ်။ တို့လည်း ဆိုက္ကားငှားပြီး သွားသယ်ရတာပေါ့။
ကြက်သွန်ကလည်း အဖြူ၊ အနီ စုစုပေါင်း အချိန် ၃၀ လောက် ခွါရ လှီးရတာ။ မူမူတို့ (ကျွန်တော့် ညီမ အငယ်) ဌာန က ဆရာမ သုံးယောက် ကူပြီး ခွါကြ လှီးကြပေါ့ဟယ်။ ကြော်တာက ၀င်းဇော်ဦး ရယ်၊ ဒို့ ရပ်ကွက် က ပေါင်ချိန် ရယ်၊ အောက်ထပ်က အစ်မကြီး နှစ်ယောက်ရယ် ကြော်ကြတယ်။ နေ့ခင်း ၁ နာရီက စ ကြော်ကြတာ။ ည နာရီပြန် တစ်ချက်တီးမှ ပြီးတယ်။ ဒါ ကြော်ရုံသက်သက်ပဲ ရှိသေးတယ်။
နောက်နေ့ကျတော့ ဒေါ်ခင်အေးမူ သူတို့ရပ်ကွက်က အမျိုးသမီး ဆယ်ယောက်လောက် ခေါ်လာပြီး မနေ့က ကြော်ပြီးသားတွေကို စပ်ပေး၊ ဝေဘို့လို့ အထုပ်ကလေးတွေ ထုပ်ပေးလုပ်လို့ အားလုံးပြီးသွား ရော။ ၀ိုင်းပြီး ကြော်တဲ့သူတို့၊ ကူညီညာလုပ်ပေးတဲ့ သူတို့ကို ငါ လဖက်သုတ်ကျွေး၊ ကော်ဖီတိုက် တယ်။ ညနေစာလဲ ငါပဲ ကျွေးလိုက်တာပေါ့။ နောက်နေ့ ငါးခြောက်ကြော် ကူပြီး ထုပ်ပေးတဲ့ သူတွေကို တော့ ကောက်ညှင်းပေါင်း ကျွေးလိုက်တယ်။
လူတွေဆိုတော့ အမျိုးမျိုးပေါ့ဟာ။ တချို့ကျတော့လဲ အရမ်းကို အားတက်သရော ရှိတယ်။ ငါ မတတ်နိုင်လို့ မလှူနိုင်ပေမဲ့ လူအားစိုက်ပြီး အကုန်လုပ်ပေးမယ် ဆိုတာမျိုး။ လှူနိုင်တဲ့ သူတွေကျပြန် တော့ ငွေအားရော၊ ပစ္စည်းအားရော၊ လူအားရော တကယ့်ကို အင်တိုက် အားတိုက် လုပ်ကြတာ။ နင့်ဟယ်၊ မင်္ဂလာဈေးက လူတွေဆိုတာ တကယ့်ကို အားတက်သရောပဲ။ ပစ္စည်းတွေလဲ အများကြီး လှူသလို လူကိုယ်တိုင်လဲ ဟို ဘိုကလေးတို့ လပွတ္တာတို့ အရောက် ငါတို့နဲ့ လိုက် လုပ်ပေးကြတယ်။ သူတို့အင်အားနဲ့ကြောင့် ဒါလောက် ချောချော မောမော ပြီးတာ။ ငါတို့ချည်းပဲဆို ဘယ်လွယ်လိမ့် မတုံး။
ဟော - တချို့ကျပြန်တော့ ငါတို့ အနီးအနားကလူတွေ ပြောပါတယ်။ ငါးခြောက်ခေါင်းကလေး ကူခြွေပေးပါ ဆိုတာတောင် မလုပ်ပေးချင် ကြဘူး။ အဲဒီလူတွေဟာ အိမ်မှာလဲ ဘာမှ အလုပ်ရှိတာ မဟုတ်ဘူး။ သူများတကာ လဖက်ရည်ဆိုင် လှည့်ထိုင်ပြီး တစ်နေကုန် တစ်နေခန်း ချဲတွက်၊ နှစ်လုံး သုံးလုံးအကြောင်း ပြော နဲ့ပဲ အချိန်တွေ ကုန်နေကြတာ။ အေးပေါ့လေ၊ ကိုယ် ကိုယ်တိုင် ဘေးမတွေ့သေးတော့ ဒီလိုပဲပေါ့။ ကိုယ့်ခေါင်း မြွေပေါက်မှ အမယ်လေး ဘလေး၊ အရပ်ကူပါ၊ လူဝိုင်းပါ ဖြစ်ကြတော့မှာကိုး။ မုန်တိုင်းဘေးအတွက် တိုက်တစ်တိုက်လုံးမှ ဆယ်ကောင်လောက် အလကား ပေးတဲ့ ငါး ကျတော့ မဲနှိုက်ယူရတဲ့ ဟာတောင် သေရေးရှင်ရေးတမျှ အပြေးအလွှား သွားပြီး ယူကြတယ်။ စားအုံးဆီ ၂၀ သား ၅၀၀ နဲ့ ရောင်းပေးတာကို တစ်မနက်ခင်းလုံး တန်းစီပြီး သွား ၀ယ်ကြတယ်။ မိုးတွေရွာ၊ လေတွေတိုက်လို့မှ မပြီးသေးဘူး။ သူများအိမ်တွေက လွင့်ပျံကျလာတဲ့ သွပ် တွေကို လိုက်ကောက်နေတဲ့ သူတွေကလည်း တပုံကြီး။ အဲဒီလို သွပ် အကောက်ကောင်းလို့ သေတဲ့ သူတွေတောင် ရှိပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့၊ ဒီအစိုးရနဲ့ ဒီလူတွေနဲ့တော့ တန်မှတန်။ ဒီမိုး ဒီလေ၊ ဒီလူတွေနဲ့၊ ဒီမင်း ဒီစိုး၊ ဒီသူခိုးနဲ့ ဆိုတာ တကယ့်ကို ကွက်တိပဲ။ ဒါတွေ ထားလိုက်ပါတော့လေ။
ငါးခြောက်တွေ ကြော်ပြီး ထုပ်ပြီးတော့ ဆိုဒ်ထဲက ကောင်လေးတစ်ယောက် ခေါ်ပြီး ၀င်းဇော်ဦး သူ့ဟာ သူ အိမ်အရောက် လာပို့ပေးတယ်။ ငါ့မလဲ အိမ်မှာက အ၀တ်ဟောင်းထုပ်တွေနဲ့ ပြည့်နေလို့ ထားစရာ မရှိတော့ဘူး။ မျိုးမျိုးကို ဖုံးဆက်ပြီး လာယူခိုင်းတော့ သူလာသယ်သွားတယ်။
(မလွင်လွင်မိုးက ကျွန်မတို့အိမ်ရှေ့က အစ်ကို့ အိမ်မှာ ဘယ်သူမှ မနေတော့ အားနေတယ်။ ပစ္စည်းတွေကို အဲဒီမှာ သွားထားလိုက်တော့ တော်တော် အဆင်ပြေသွားတယ် ဟု ပြန်ပြောပြ ပါသည်။ နို့မဟုတ်လျှင် သည်လောက်များသော အလှူပစ္စည်းများကို ဘယ်မှာ သွားထားမည်နည်း။ မမျိုးမျိုး မှာ မင်္ဂလာဈေးတွင် ဈေးထွက်နေသော မလွင်လွင်မိုး၏ ညီမ ဖြစ်ပါ၏။ ကျွန်တော်တို့ အလှူကိစ္စမှာ မမျိုးမျိုး အင်တိုက် အားတိုက် ကူညီမှုကြောင့်သာ ဤမျှ ချောချောမောမော နှင့် ပြီးမြောက်ရခြင်း ဖြစ်ပါ၏။ ကျွန်တော်တို့နှင့် မင်္ဂလာဈေးသူဈေးသားများ ပူးပေါင်းလိုက်သောအခါ အလှူအင်အား အတော့်ကို တောင့်တင်းသွားပါသည်။ သို့အတွက် ကျွန်တော့်မှာ မမျိုးမျိုးရော၊ မလွင်လွင်မိုးကိုပါ အလွန် ကျေးဇူးတင်မိပါ၏။ ကျွန်တော်တို့ချည်း လုပ်ရလျှင် တော်တော့ကိုမလွယ်ပါ။ စနေဓမ္မမိတ်ဆွေ များ အဖွဲ့အနေနှင့် မမျိုးမျိုး နှင့် မင်္ဂလာဈေးသူဈေးသား အပေါင်းတို့ကို ကျေးဇူး အထူးတင်ရှိပါ ကြောင်း ဤနေရာမှ မှတ်တမ်းတင်အပ်ပါသည်။)
နောက် “ထန်းတစ်ပင် ဘုန်းကြီးက မန္တလေးက ဘုန်းကြီးမှာ အ၀တ်ဟောင်းတွေ စုဆောင်းပြီး သယ်လာတာ ကွန်တိန်နာနဲ့ လေးလုံး ရှိတယ်။ အဲဒါ လိုချင်သလောက် လာယူပြီး လှူပေးပါ လို့ ပြောတယ် တဲ့” လို့ ဒေါ်ခင်အေးမူ လာပြောတယ်။ မမျိုးတို့ကားရောက်လာတော့ အဲဒီအကြောင်း ငါပြောပြလို့ သူက သုံးထုပ်လောက်တော့ ဆန့်သေးတယ်ဆိုတာနဲ့ ဒေါ်ခင်အေးမူပါ လိုက်လာပြီး သုစိတ္တာရုံကျောင်းမှာ ညဘက် ၉ နာရီလောက် သွားသယ်ကြတယ်။ အ၀တ်တွေတင် မကဘူး။ ဆန် တွေရော၊ သကြားတွေပါ ပါတယ်။ ဆန်တွေနဲ့ သကြားတွေတော့ မသယ်နိုင်တော့ဘူး။ ကားက မဆန့် တော့ဘူး။ နောက်ပြီး တို့လဲ ဖျာပုံမှာ ဆန်အိတ် ၁၀၀ ၀ယ်ထားတာ ရှိသေးတယ်။
မေလ ၂၇ ရက်နေ့ကျတော့ ငါရယ်၊ ငါးခြောက်ကြော်တုံးက ၀ိုင်းလုပ်ပေးတဲ့ တို့ရပ်ကွက်ထဲက ပေါင်ချိန် ရယ် (နာမည်ရင်းတော့ မမှတ်မိတော့ဘူးဟေ့) သူတို့ အိမ်က တက္ကစီနဲ့ မမျိုးမျိုးတို့ အိမ် သွားကြတယ်။
ပစ္စည်းတင်တဲ့ကားတွေကတော့ ည ၁၀ နာရီကတည်းက သွားနှင့်ကြပြီတဲ့။ မနက် ၃ နာရီခွဲတော့ ရန်ကုန်ကနေ ထွက်ခဲ့ကြတယ်။ ဖျာပုံကို မနက် ၆ နာရီခွဲလောက် ရောက်ကြတယ်။ ရောက်ရောက်ချင်း မမျိုးမျိုးတို့ကြော်လာတဲ့ ကြာဇံကြော် စားကြတယ်။ စားသောက်ပြီး ကားပေါ်က ပစ္စည်းတွေ မော်တော်ပေါ် ပြောင်းတင်ကြတယ်။ ဖျာပုံကထွက်လာတော့ မနက် ၈နာရီ အတိ။
လမ်းပြတစ်ယောက် ပါတယ်။ ၁၂ နာရီကျော်ကျော်မှာ ကျုံတဲရွာကို ရောက်တယ်။ ရောက်တော့ ပစ္စည်းတွေချ။ သူတို့က အိမ်ထောင်စု စာရင်းအလိုက် ဝေမှာ လို့ ပြောတယ်။ စာရင်းရတော့ ဆန်တွေ ကို ထုတ်တဲ့သူကထုတ်၊ ပဲတွေကို ထုတ်တဲ့သူက ထုတ်၊ အ၀တ်တွေ ထုတ်တဲ့သူက ထုတ် ပေါ့။ အားလုံးထုတ်ပိုး ပြီးသွားတော့ ကဒ်ပြားတွေနဲ့ ဝေတယ်။ မဝေလောက်တဲ့ ပစ္စည်းတွေကျတော့ မဲနှိုက် ရတာပေါ့။ မဲမှာ ဗလာ ကျတဲ့သူကို ကျတော့ ပစ္စည်းတစ်မျိုး ပေးတယ်။
ပစ္စည်းအားလုံး ဝေပြီးတော့ ၄ နာရီ ခွဲနေပြီ။ မော်တော်စထွက်တော့ ၅ နာရီကျော်။ အလာတုံးကလို မော်တော်ချည်းပဲ မစီးရတော့ဘူး။ မော်တော် ၁ နာရီကျော်ကျော်စီးပြီး ကားလမ်းပေါက်တဲ့ ရွာ ရောက်တော့ ကားတစ်စီး လာကြိုနေလို့ အဲဒီကားနဲ့ ဖျာပုံကို ပြန်ခဲ့ကြတယ်။ ဒါပေမဲ့ ကားက အားလုံးမဆန့်ဘူး။ လူတစ်ချို့နဲ့ ပစ္စည်း တချို့ ကျန်နေသေးတယ်။ တို့ကတော့ ပထမကားနဲ့ လိုက်ခဲ့တယ်။ ကားနဲ့ဆိုတော့ မြန်တာပေါ့။ တစ်နာရီကျော်ပဲ မောင်းရတယ်။ ဖျာပုံပြန်ရောက်တော့ ည ၇ နာရီ ခွဲနေပြီ။ တို့နောက်မှာ ကျန်တဲ့သူ တွေကို နောက်ကားတစ်စီးနဲ့ သွားခေါ်ရတာပေါ့။ ဖျာပုံမှာပဲ ညစာ စားကြတယ်။ အသွားတုံးကတော့ နေ့လည်စာကို မော်တော်ထဲမှာပဲ စားလိုက်ကြတယ်။
နောက်ကားရောက်လာတော့ ရန်ကုန်ကို ပြန်ခဲ့ကြတယ်။ အိမ်ကို နာရီပြန် တစ်ချက်တီးကျော်မှ ရောက်တယ်။ နောက်အပတ်တော့ ဘိုကလေးကို သွားမယ် ဆိုလားပဲ။
အဲဒီမှာ တွေ့ခဲ့၊ ကြုံခဲ့ရတဲ့ လူတွေအကြောင်း နည်းနည်းတော့ ပြောချင်သေးတယ်။ မုန်တိုင်း ဒုက္ခသည် တွေဆီ လှူရအောင် သွားကြမယ် ဆိုတော့ ငါ ကိုယ်နဲ့နီးစပ်တဲ့ အနီးပတ်ဝန်းကျင်မှာ အ၀တ်ဟောင်း ကလေးတွေ လိုက်ပြီး အလှူခံတာပေါ့။ အင်္ကျီ၊ လုံချည် စသဖြင့်ပေါ့။ များသောအားဖြင့်တော့ ကိုယ် ၀တ်တဲ့အထဲကနေ ကောင်းကောင်းမွန်မွန် လေးတွေ ရွေးပြီး သပ်သပ်ယပ်ယပ် သန့်သန့်ရှင်းရှင်း မွှေးမွှေး ကြိုင်ကြိုင် လုပ်ပေးကြပါရဲ့။ တချို့ကျတော့လဲ ဟယ်၊ မဖြစ်နိုင်ဘူး၊ နံစော်နေလွန်းလို့ အမှိုက်ပုံ ထဲ လွှင့်ပစ်လိုက်ရတာ တွေတောင် ရှိတယ်။
အ၀တ်ဟောင်းတွေ ရလာပြီ ဆိုကတဲက ငါတို့က မိန်းမ၀တ်၊ ယောက်ျားဝတ်၊ ကလေးဝတ် စသဖြင့် သပ်သပ်စီ ခွဲထုတ်၊ အထုတ်တွေ ပေါ်မှာ စာရေးထားလိုက်တာ။ ဝေရလွယ်အောင်လို့။ ဥပမာ - ယောက်ျားဝတ် အင်္ကျီ နဲ့ ပုဆိုး အတွဲ ဘယ်နှစုံ စသဖြင့် ပေါ့။ အထုပ်တိုင်းမှာ စာနဲ့ရေးမှတ်ထားတော့ ဒီအိတ်ထဲမှာ ဘာပါတယ် အလွယ်တကူ သိနိုင်သလို ယောက်ျားဝတ်က ဘယ်နှစုံ၊ မိန်းမ၀တ်က ဘယ်နှစုံ စသဖြင့် လွယ်လွယ်ကူကူ သိနိုင်တာပေါ့။ အသစ်တွေလဲ ပါတယ်။ တအားစုတ်တဲ့ ဟာတွေ တော့ ထည့်မပေးကြပါဘူး။ တစ်ဦးစ နှစ်ဦးစတော့လည်း ပါတာပေါ့လေ။ အိမ်မှာ ဘီရိုတွေ သေတ္တာတွေ ရှင်းပြီးရော ဆိုပြီး ထည့်ပေးလိုက်ကြတာ။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဂျီး လက်လေးသစ်နဲ့ ကြောင်သေးစော်ကလဲ နံနေသေးတယ်။ သူတို့မို့လို့ပဲ ပေးရက်သေးတယ် ဟယ်။ စေတနာ နုံ့နဲ့ကြပုံတွေ ပြောပါတယ်။ တချို့ကျတော့လည်း ငါးခြောက်ကို ခေါင်းခြွေရုံတင် မဟုတ်ဘူး။ ခါးမှာစိုးလို့ ဆိုပြီး ဗိုက်က ချေးနေရာတွေပါ ခြွေပေးကြတယ်။ လူအမျိုးမျိုး ပေါ့ဟယ်။
ငါမေ့ကျန်လို့ မရေးလိုက်ရတာတွေ အများကြီး ရှိသေးတယ်။ အခုရေးပေးလိုက်တာက အဲဒီ့ မေ့ကျန်ခဲ့ လို့ မရေးလိုက်ရတာတွေရဲ့ ငါးပုံ တစ်ပုံလောက်ပဲ ရှိမယ် ထင်ပါရဲ့။ အခုတစ်ခေါက် သွားလှူခဲ့တဲ့ ရွာတွေက ၁။ ကျုံကန် (တောင်) ၂။ ကျုံကန် (မြောက်) ၃။ ကျုံကန် (သောင်) ၄။ ကမာဆပ် ဆိုတဲ့ လေးရွာပဲ။
ငါ့ဆီမှာတော့ ဓါတ်ပုံသိပ်မရှိဘူး။ ငါ့ဆီမှာ ရှိသလောက် ကူးပေးလိုက်တယ်။ မလွင်လွင်မိုးက သူ ရိုက်ထားတဲ့ ပုံအားလုံးကို စီဒီနဲ့ ကူးထားတာ ရှိတယ်။ အဲဒါ စီဒီလိုက် နင့်ကို ပေးလိုက်မယ်လို့ ပြောတယ်။ ဗီဒီယိုတွေ ရောပေါ့။

No comments:
Post a Comment