Saturday, June 7, 2008

Nargis Story part1

နာဂစ်မုန်တိုင်း ဒုက္ခသည်များသို့ သွားရောက်လှူဒါန်းခြင်း မှတ်တမ်း
(အစ်မကြီး ဒေါ်ကျင်ကျင်၏ မှတ်တမ်းများကို မှီငြမ်းပြုပါသည်၊)

နိဒါန်း

ကျွန်တော်တို့ငယ်စဉ် ၀ါဝင် ၀ါထွက်၊ နှစ်ကူး စသည့် အခါကြီးရက်ကြီးများတွင် လူကြီးသူမ များကို သွားရောက် ကန်တော့လေ့ ရှိကြသည်။ အင်မတန် ချစ်စရာကောင်းသော မြန်မာ့ဓလေ့ ပါတည်း။ ထိုသို့ ကန်တော့သောအခါများ၌ ဘိုးဘွားများက ဆုပေးရာတွင် ကပ်ကြီးသုံးပါး ကျော်နိုင် နင်းနိုင်ရှိကြပါစေ ဟု ကန်တော့တိုင်းလိုလို ဆုပေးလေ့ ရှိ၏။ ငယ်စဉ်ကတော့ ထို ကပ်ကြီးသုံးပါး ကျော်နိုင်နင်းနိုင်ရှိပါစေ ဆိုသော ဆုပေးအဓိပါယ်ကို နားမလည်။ တန်ဘိုးထားရ ကောင်းမှန်းမသိ။ ထို့ထက် ကပ်ကြီးသုံးပါးဆိုသည်ကို စာတွေ့အရသာ အနည်းအကျဉ်း ရိပ်မိခဲ့သည်။ အတိအကျမသိခဲ့။ အသက်ကလေး နည်းနည်းရလာသည့်အခါ ဖိလစ်ပိုင် မုန်တိုင်းဒါဏ်များ၊ ဘင်္ဂလားနိုင်ငံမှ ကြောက်မက်ဖွယ် ရေကြီးမှုနှင့် မုန်တိုင်းဒါဏ်များ၊ လူပေါင်းများစွာ သေကြေ ပျက်စီး ဒုက္ခရောက် ကြရသည့် အီရန် အီရတ်စစ်ပွဲများ၊ လေယာဉ်ပျက်ကျမှု သတင်းများ၊ ရထားတိုက်မှု သတင်းများ၊ ရုရှားမှ ရှာနိုဘိုင်း နူကလီးယားစက်ရုံပေါက်ကွဲမှု၊ အိန္ဒိယမှ ဘိုပါး အဆိပ်ဓါတ်ငွေ့ ယိုစိမ့်မှုများ အကြောင်း ဖတ်ရ သိရသော အခါတွင် ကပ်ကြီးသုံးပါးအကြောင်း စာတွေ့အရ နားလည်ခဲ့ရသည်။ သို့သော် တခြားနိုင်ငံတွေမှာ ဖြစ်တာဆိုတော့ စာတွေ့ သာဖြစ်ပြီး ငါတွေ့ နားမလည်သေး။
ယခု နာဂစ်မုန်တိုင်း ကျွန်တော်တို့တိုင်းပြည်ကို ၀င်မွှေလိုက်သောအခါ ကပ်ကြီးသုံးပါးမှ ဒုက္ဘိခန္တရကပ်နှင့် ရောဂါန္တရကပ်အကြောင်း ကျွန်တော် အတော့်ကို တုန်လှုပ်ခြောက်ခြားစွာ ငါတွေ့ နားလည်သဘောပေါက်ခဲ့ရပါတော့သည်။ သဘာဝဘေးအန္တရာယ်ကို ကျွန်တော်တို့ဘာမှ မတတ်နိုင်။ သည်အတိုင်း လည်စင်းခံရုံသာရှိသည်။ သို့သော်လည်း သည် လောက် နည်းပညာတိုးတက်နေသော ခေတ်ကြီးတွင် ငလျင်လှုပ်မည့်ဘေး၊ မီးတောင်ပေါက်မည့်ဘေး၊ မုန်တိုင်းတိုက်မည့် ဘေးများကို အလွန်တိကျစွာ ကြိုတင် ဟောကိန်းထုတ်နိုင်နေပြီ ဖြစ်ပါသည်။ သို့သော် လူတွေ၏ ပေါ့ဆမှု ကြောင့်သာ မဖြစ်သင့်တာတွေ ဖြစ်ကုန်ရခြင်းဖြစ်ပါ၏။ ထို့ထက် မသိကျိုးကျွန်ပြုမှု နှင့် တာဝန် မကျေမှုက ပိုဆိုးသည်။ သဘာဝဘေးအန္တရာယ် ကျရောက်တော့မည်ကို ကြိုတင်သတိပေးနိုင်ပါက မပျက်စီးတန်တာ မပျက်အောင်၊ မသေသင့်သူများ မသေအောင် ကာကွယ် တားဆီးနိုင်မည် မဟုတ်ပါလား။
ကိုယ်ဘာမှမတတ်နိုင်သော သဘာဝ ဘေးအန္တရာယ်ကြောင့် သေကြေ ပျက်စီးသူများ သေကျေ ပျက်စီးကုန်ပြီ၊ ဘာမှမတတ်နိုင်။ သို့သော် တတ်နိုင်သည်က သဘာဝ ဘေးအန္တရာယ် ကြောင့် ထိုပျက်စီးဒုက္ခရောက်သူများကို လူလူချင်း ကိုယ်ချင်းစာတရား၊ ကရုဏာထား၍ ကူညီ ရန်သာဖြစ်ပါ၏။ ခုတော့ ကျွန်တော်ငယ်စဉ်က သင်ခဲ့ရသော ဆရာဇော်ဂျီ၏ ကဗျာလေးကိုသာ ပြေးကြားယောင်မိပါတော့၏။
“မြင်သာမြင်ရ မစားရသည်၊ လောကပြိတ္တာ ဖြစ်မည်တည်း” ဟူ၏။ တန်ပေါင်းများစွာသော စားစရာ သောက်စရာ အ၀တ်အထည်၊ နေစရာ ထိုင်စရာ၊ လူ့အသုံးအဆောင် ပစ္စည်းများသည် ထိုထိုသော စားစရာ၊ သောက်စရာ၊ ၀တ်စရာ မရှိ၊ နေစရာက နတ္တိ ဖြစ်နေသော ဒုက္ခသည် အပေါင်းထံသို့ မရောက်ပဲ ဂိုဒေါင်ထဲတွင် ပုပ်သိုး ဆွေးမြေ့ကုန်မှာ ကျွန်တော်ဖြင့် ရင်နာလို့မဆုံးပါ။
သို့သော် ဒီကိစ္စက ခင်ဗျားတို့ ကျွန်တော်တို့ တတ်နိုင်သော ကိစ္စ မဟုတ်၊ မဟုတ်ရေးချမဟုတ်။ သို့အတွက် သူတပါးဒုက္ခရောက်နေသည်ကို လက်ပိုက်ကြည့်မနေနိုင်သော ပြည်တွင်းပြည်ပမှ သူတော်ကောင်းအပေါင်းတို့သည် မိမိ တို့ တတ်နိုင်သလောက် သွားရောက် လှူဒါန်းမှုများ ပြုကြသည်။ လှူတာတောင် ကောင်းကောင်းလှူရတာမဟုတ်ပါ။ ဒုက္ခ သည်များထံ စားစရာ နှင့် ၀တ်စရာများသွားရောက်လှူဒါန်းသူများကို ရန်သူသဖွယ် အနှောက်အယှက်ပေး၊ ကဖျက် ကယက် လုပ်နိုင်အားသော ထို သကောင့်သားများကို ကျွန်တော် (အဲလေ ကျွန်တော် တင်မဟုတ်ပါဘူး၊ တကမ္ဘာလုံးက) ဘယ်လိုမှ နားလည်လို့ မရခဲ့ပါ။ တစ်ခုခုတော့ မှားနေပြီထင်၏။ ဖြစ်ပုံမှာ - ထမင်းဆာလွန်း၍ တစာစာငိုနေသော ကလေး ကို သနားသဖြင့် ဘေးအိမ်မှ လူကြီးက ဟိုဆရာကြီး၊ ခင်ဗျားကလေး ဗိုက်ဆာလို့ ငိုနေတာ သနားပါတယ်ဗျာ။ ရော့-ကျွန်တော့်မုန့်လေး ကျွေးလိုက်ပါ ဆိုသည်ကို ဘာဗျ၊ ဘာလို့ကျွေးရမှာလဲ၊ ဒါ ကျုပ်သား၊ ကျုပ်ကျွေးချင်မှ ကျွေးမှာပေါ့ဗျ၊ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ ၀င်မပါရင်ကောင်းမယ်ကိုယ့်လူ ဟု ရန်ထောင်သော ဘုရားဒကာကြီးနှင့် တူနေပါသည်။ (ဗမာပြည်မှအပြန်တွင် ယိုးဒယားဝန်ကြီးချုပ်က ဘုရားတရားကို တော်တော်ကြည်ညိုကြပါတယ် ဟု ဆိုသဖြင့် ကျွန်တော်က ဘုရားဒကာကြီး ဟု သုံးလိုက်ခြင်း ဖြစ်ပါသည်။ အခြား ဘုရားဒါယိကာ စစ်စစ်များ မနာကြပါနှင့်။)
(ထားပါလေ၊ ဒါတွေပြောနေလို့ အပိုပါပဲ။ ကိုယ်လုပ်စရာရှိတာလုပ်တာ ကောင်းပါတယ်။)

အလှူငွေများ စုဆောင်းခြင်း
မုန်တိုင်းကျပြီဟေ့ ဆိုသည်နှင့် တစ်ကမ္ဘာလုံးမှသူတော်ကောင်း အပေါင်းတို့မှာ ထို မုန်တိုင်း ဒုက္ခသည်များကို ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးကိစ္စ အပူတပြင်း လုံးပန်းကြပါသည်။ ထိုအထဲတွင် ကျွန်တော်တို့အဖွဲ့လည်း အပါ အ၀င် ဖြစ်ပါ၏။ ကျွန်တော်တို့မှာ ယခင်ကတည်းက လစဉ်ပုံမှန်လှူနေသော စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆိုတာ ရှိပါသည်။ နီးစပ်ရာသူငယ်ချင်းများထံမှ အလှူငွေများ ကောက်ခံကာ မြန်မာပြည်တနံတလျားမှ အထောက်အပံ့လိုနေသော နေရာများ သို့ စာသင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ လမ်း၊ တံတား၊ ရေတွင်း၊ ရေကန် စသည် တို့ကို လစဉ် လှူနေသော အဖွဲ့ကလေးဖြစ်ပါ၏။ ယခုဆိုလျှင် ကျွန်တော်တို့အဖွဲ့၏ အလှူသက်တမ်းမှာ ခုနစ်နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါ၏။ (ဒီကြားထဲ “ငါတို့ပိုင်တဲ့ကျောင်းကို ဘယ်သူ့ခွင့်ပြုမိန့်ရလို့ မင်းတို့ကလာပြီး ကျူးကျူးကျော်ကျော် လှူနေ ရတာလဲ။ နောင်ကို မင်းတို့လှူချင်သပဆို ငါတို့ဆီက ခွင့်ပြုမိန့်လာယူလှဲ့ပါ” ဟု အဓိပ္ပါယ်ပါသော စာတစ်စောင် ရသည်မှ စ၍ ကျွန်တော်တို့လည်း ထို ပျက်စီးယိုယွင်းနေသော ကျောင်းကလေးများအား လိုက်လံလှူဒါန်း နေမှုကို ၀မ်းနည်းစွာဖြင့်ပင် ရပ်တန်းက ရပ်လိုက်ရပါတော့၏။)
မုန်တိုင်းလွန်မြောက်သည်နှင့် ကျွန်တော်က နီးစပ်ရာသူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေများကို အတင်းရော အဓမ္မပါ အလှူလိုက်ခံပါသည်။ သူတို့(မြန်မာများရော အခြား နိုင်ငံခြားသားများပါ) ကလည်း အားတက်သရော လှူကြပါ၏။ စနေဓမ္မမိတ်ဆွေများအဖွဲ့၏ သုံးလစာ (မတ်၊ ဧပြီ၊ မေ - ၂၀၀၈) အလှူငွေအပါအ၀င် ကျွန်တော်စုဆောင်းရငွေမှာ စင်ကာပူ ဒေါ်လာ တစ်သောင်း နှစ်ထောင်ကျော်ရ၏။ အလှူငွေများရလာတော့ ဘယ်လိုလှူမလဲ ဆိုတာတိုင်ပင်ရန် သူငယ်ချင်းများ ကို ၁၀-၀၅-၀၈ နေ့တွင် အရေးပေါ်စည်းဝေးပွဲ ခေါ်လိုက်၏။ ကိုဌေးဝင်းနိုင်၊ ကိုမြင့်သိန်း၊ ကိုနွယ်ဝင်း၊ ကိုသောင်းတန် နှင့် မမြတ်သီတာစိုးတို့ လာပါသည်။
ကျွန်တော်က မုန်တိုင်းဒါဏ်ခံရသူများအတွက် အလှူငွေများ များနိုင်သမျှများများရအောင် ကောက်ခံရေး၊ ထို့နောက် ထိုအလှူငွေများကို ဘယ်နည်းဘယ်ပုံလှူရေးများ ဆွေးနွေးပါသည်။ ထို့ပြင် မြန်မာပြည်၌ လောလောဆယ် ကယ်ဆယ်ရေးလုပ်ငန်းများကို မည်သူတို့က မည်သို့မည်ပုံ လုပ်နေသည်ကိုတင်ပြ၍ သူတို့နှင့် မည်သို့ဆက်သွယ်ဆောင် ရွက်ရလျှင် အကျိုးများမည့် အကြောင်းများလည်း ဆွေးနွေးပါ၏။
“ကျွန်တော့်သဘောအရတော့ တခြားပစ္စည်းတွေထက် ရေ နဲ့ ဆန် အဓိက လိုမယ်ထင်တယ်။ အ၀တ်ဆိုတာက တစ်ခါလှူလိုက်ရင် အနည်းဆုံး လေးငါးခြောက်လ ၀တ်လို့ရတယ်။ ရေ နဲ့ ထမင်းကျတော့ တစ်နေ့ကို အနည်းဆုံး နှစ်နပ် စား၊ သောက်နေမှာဆိုတော့ အမြဲကုန်နေမဲ့ ပစ္စည်းဗျ။ နောက်ပြီး ထောင်သောင်းချီနေတဲ့လူတွေကို အလှူရှင်တွေ ဘယ်လိုပင် လှူသည်ဖြစ်စေ။ လူတစ် ယောက် တစ်နေ့ကို ဆန်နို့ဆီဗူး နှစ်ဗူးပဲ စားတယ်ထားအုံး။ လူတစ်သောင်းအတွက် တစ်ရက် ကို ဆန်အိတ်ပေါင်း တစ်ရာကျော် အမြဲကုန်နေမှာ။”
တချို့က အခြားပစ္စည်းလှူချင်သော်လည်း ကျွန်တော်ပြောသည့်အပေါ်တော့ မည်သူမှ မကန့်ကွက်ပါ။ ကျွန်တော် က လောလောဆယ် ကျွန်တော့လက်ထဲတွင် ဗမာငွေ ၁၅ သိန်းရှိကြောင်း နောက်ထပ်လဲ အလှူငွေများ ထပ်ရဦးမည် ဖြစ်ကြောင်း အသိပေးလိုက်ပါ၏။ ကိုမြင့်သိန်းက မတ်လအတွက် အလှူငွေ စင်ကာပူဒေါ်လာ ၁၀၀၀ ကျော်ကို တပါထည်း ကျွန်တော့်ကိုလွှဲအပ်ပါသည်။ ကိုဌေးဝင်းနိုင်က လိုအပ်လျှင် သူသွားလှူပေးမည် ပြော၏။
“ကျွန်တော် လေယာဉ်လက်မှတ် စီစဉ်ကြည့်မယ်။ ဖြစ်နိုင်သမျှ အမြန်ဆုံးသွားပြီး လုပ်ပေး မယ်။ ကိုအေးငြိမ်းတို့ ဘက်ကသာ ဘာတွေလုပ်စေချင်သလဲ ပြောပါ” ဟု ဆို၏။ လာမည့် သောကြာနေ့နောက်ဆုံးထား သွားပေးမည် ပြောပါသည်။
ကိုနွယ်ဝင်းက သူ အလှူငွေ ၁၅ သိန်း သူ့အမျိုးသမီး မသင်းသင်းလှိုင်ထံ ပို့ထားကြောင်း၊ မသင်းသင်းလှိုင်၏ မောင်နှမများ ပုသိမ်တွင်ရှိပြီး သူတို့လည်း လေဘေးဒါဏ်ခံရသော ဒေသများသို့ ဆေးကုသရန်နှင့် ပစ္စည်းများ ထောက်ပံ့ရန် မကြာခဏသွားကြောင်း၊ ထို့ကြောင့် သူတို့မှလည်း တစ်ဆင့်လှူမည်ဆိုလျှင် ဖြစ်နိုင်ကြောင်းများ ပြောပြပါ၏။ ထို့ပြင် အကယ်၍ ကျွန်တော် တို့ကိုယ်တိုင်လှူလိုလျှင် မသင်းသင်းလှိုင်ထံ ပို့ထားသော ငွေ ၁၅ သိန်းကို ကျွန်တော်တို့ထံ လွှဲပေးမည် ဖြစ်ကြောင်းများ ပြောပါ၏။
ကျွန်တော်က ရနိုင်သမျှ ဆန်အိတ် နှင့် အခြား အခြောက်အခြမ်း (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆီ၊ ဆန်၊ ဆား၊ ပဲ၊ အာလူး စသည်) များ ၀ယ်ရန်။ အ၀တ်အစားကိုမူ အစားအသောက်ဝယ်ခြမ်းရမှု အခြေအနေပေါ်မူတည်ပြီး ချင့်ချိန်ဝယ်ရန် အကြံပေးပါသည်။ အတန်ကြာ ဆွေးနွေးကြပြီးနောက် လူစုခွဲလိုက်ကြပါသည်။

No comments: